KIA နဲ့ NLD အကြောင်း ရှင်းလင်း

သမ္မတ ဦးသိန်းစိန် အစိုးရသစ်ရဲ့ ပထမဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲကို နေပြည်တော်မှာ ဒီကနေ့ ကျင်းပခဲ့တာမှာ မျက်မှောက် နိုင်ငံရေးမှာ အဓိက အကြောင်း အရာတွေ ဖြစ်နေတဲ့ KIA နဲ့ NLD အကြောင်းတွေကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ပထမဆုံးအကြိမ် အစိုးရသစ် သတင်းစာ ရှင်း လင်းပွဲမှာ ဆို့နစ်သွားခဲ့တဲ့ ပြန်ကြားရေးဝန်ကြီး

ပြည်ထောင်စု ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းက အဖွဲ့ခေါင်းဆောင် အနေနဲ့ ရှင်းလင်းခဲ့မှုမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ ကချင်ပြည်နယ် အစိုးရက ဖွဲ့စည်း ထားတဲ့ ငြိမ်းချမ်းရေး အဖွဲ့နဲ့ သုံးကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့မှုတွေကို ပြောကြား ခဲ့တယ်လို့ သိရပါတယ်။

အစိုးရ အနေနဲ့ ငြိမ်းချမ်းရေးနဲ့ အပစ်ရပ်ရေးကို မျှော်လင့် နေသလို အပစ်ရပ်ဖို့ သဘော တူညီချက် ရထားပြီးပေမယ့် KIO ဌာနချုပ်ရဲ့ သဘောထား တုန့်ပြန်ချက်ကို စောင့် နေတယ်လို့ ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းက ပြောကြားခဲ့တဲ့ အကြောင်း သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ ရန်ကုန် မီဒီယာ ဂရုပ်ရဲ့ ချယ်ယာမင် ဦးကိုကို စက်မှု တက္ကသိုလ်က ဘီဘီစီကို ပြောပါတယ်။

ပြန်ကြားရေးဝန်ကြီးက ခေါင်းဆောင်ပြီး လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေကို ရှင်းလင်း ခဲ့သလို သတင်းစာ ရှင်းလင်းပွဲ တက်ရောက်လာတဲ့ သက်ဆိုင်ရာ ဒုတိယ ဝန်ကြီးတွေနဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေကလည်း စိုက်ပျိုးရေး၊ ငွေရေးကြေးရေးနဲ့ ပြည်ထဲရေး ဆိုင်ရာ ကဏ္ဍအလိုက် ဖြေကြား ရှင်းလင်း ခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD ပါတီနဲ့ ပတ်သက်လို့တော့ NLD ဟာ တရားဝင် အဖွဲ့အစည်း မဟုတ်ပေမယ့် အစိုးရ အနေနဲ့ သဘောထား ကြီးကြီး ထားလို့ လိမ်လိမ်မာမာ ပါးပါးနပ်နပ် ကိုင်တွယ် နေတဲ့အကြောင်း ပြန်ကြားရေး ဝန်ကြီးက ပြောခဲ့တယ်လို့ သိရပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက သတင်းစာဆရာတွေ မေးမြန်းကြတာကို ဖြေကြား နေရင်း မတ်တပ်ကနေ ဧရာဝတီ မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်လို့ ဖြေကြားရာမှာ ဆို့နစ်သွားပြီး ခေတ္တ နှုတ်ဆိတ်သွားတယ်၊ ပြီးမှ ဆက်ပြောတတ်၊ ဒါပေမဲ့ ဒါဟာ သတင်းစာ ဆရာတွေနဲ့ မဆိုင်ဘဲ ဝန်ကြီးရဲ့ သီးခြား ခံစားမှုသာ ဖြစ်နိုင်တဲ့ အကြောင်း ဦးကိုကိုက သုံးသပ်ပါတယ်။

လာမယ့် လွှတ်တော်အစည်းအဝေးအတွက် သြဂုတ်လ ၂၂ ရက်နေ့မှာ သတင်းစာဆရာတွေ လွှတ်တော် တက်ရောက် သတင်းယူလို့ ရပြီး၊ သတ်မှတ် စည်းကမ်းတွေကို တော့ လိုက်နာရဖို့ ရှိတယ်လို့ ဦးကိုကိုက ပြောပါတယ်။