မြန်မာအစိုးရက ငြိမ်းချမ်းရေးနဲ့ အခွန် ကြေငြာချက်များထုတ်

KIO
Image caption KIA ကချင်အဖွဲ့နဲ့ ဇွန် ၉ ရက်စပြီး ပြန်လည် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေ

မြန်မာအစိုးရက တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လုပ်ဆောင်ဖို့ ကမ်းလှမ်းတဲ့အကြောင်း နဲ့ အခွန်လျှော့ပေါ့ တဲ့ အကြောင်း ကြေငြာချက်တွေကို သြဂုတ်လ ၁၈ ရက် ရက်စွဲနဲ့ ထုတ်ပြန် ခဲ့ပါတယ်။

မြန်မာအစိုးရသစ် တက်လာပြီးနောက် ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ပထမဆုံး အမိန့်ကြေငြာစာအဖြစ် ထုတ်ပြန်တဲ့အထဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ ငြိမ်းချမ်းရေးလုပ်မယ်ဆိုရင် တဖွဲ့ချင်းအနေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေနဲ့ ပဏာမ အရင်ဆက်သွယ်လုပ်ဆောင်ဖို့၊ အဲဒီလို လုပ်ပြီးမှ နိုင်ငံတော်အဆင့် ဆွေးနွေးပွဲတွေ လုပ်မယ်လို့ ဖော်ပြပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO အပါအဝင် အပစ်ရပ်အဖွဲ့ရော၊ အပစ်မရပ် အဖွဲ့တွေပါ ပါဝင်တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကတော့ မြန်မာအစိုးရ အနေနဲ့ ငြိမ်းချမ်းရေး လုပ်မယ်ဆိုရင် တဖွဲ့ချင်း လုပ်ဆောင်တာထက် အားလုံးနဲ့ တပြိုင်နက်တည်း လုပ်ဆောင်ဖို့ လိုတဲ့အကြောင်း ပြောထားပါတယ်။

မြန်မာအစိုးရရဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနကလည်း ကြေငြာချက် နှစ်ခု ထုတ်ပြန်ရာမှာ ပြည်တွင်းမှာ ရှိတဲ့ နိုင်ငံခြားငွေရ ပုဂ္ဂလိက လက်ခစား လုပ်ငန်း တွေကို ဝင်ငွေခွန် ၁၀ ရာခိုင်နှုန်း ကနေ ၂ ရာခိုင်နှုန်းထိ လျှော့ပေးကြောင်း ကြေငြာပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဒေါ်လာစျေးကျလို့ ပို့ကုန်လုပ်ငန်းတွေ ကျ

CMP လို့ ခေါ်တဲ့ လက်ခစား လုပ်ငန်းတွေမှာ အထည်ချုပ်လုပ်ငန်းတွေ အဓိက ပါဝင်ပါတယ်။ ဒီလုပ်ငန်းတွေဟာ ဒေါ်လာစျေး ကျလာတဲ့ အတွက် ဝင်ငွေ ကျဆင်းကာ အခက်အခဲ ကြုံနေရတဲ့ လုပ်ငန်းတွေ ဖြစ်တယ်လို့ သိရပါ တယ်။

နောက် ကြေငြာချက်တစ်ခုကတော့ နိုင်ငံခြားငွေ နဲ့ လုပ်ခ လစာ ရကြတဲ့ ပြည်တွင်းနဲ့ ပြည်ပက မြန်မာနိုင်ငံသားတွေအနေနဲ့လည်း ဝင်ငွေ ခွန် ၁၀ ရာခိုင်နှုန်းကနေ ၂ ရာခိုင်နှုန်းအထိ လျှော့ပေးကြောင်း ကြေငြာခဲ့ပါတယ်။

နှစ်ခုစလုံးအတွက် အကျိုးခံစားခွင့်ကာလ ကတော့ သြဂုတ်လ ၁၉ ရက်ကနေ ဖေဖော်ဝါရီ ၁၈ ရက်ထိ ၆ လ အတွက်ပဲ ရမှာပါ။

ဒါပေမယ့် ပြီးခဲ့တဲ့ ကာလတွေတုန်းက အခွန်မဆောင် ထားသေးတဲ့ သူတွေရော ဒီလို အခွန်လျှော့ပေါ့မှု အကျိုးခံစားခွင့် ရမရတော့ ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။

ဒီလအတွင်းမှာပဲ ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြည်ပပို့ကုန် အတွက်လည်း ကုန်သွယ်ခွန် ၈ ရာခိုင်နှုန်းကို ၆ လတာ အတွက် ကင်းလွတ်ခွင့် ပေးခဲ့ပါတယ်။