သမ္မတမိန့်ခွန်းကို ကြိုဆိုပေမယ့် ပိုလုပ်ဖို့ လိုတယ်လို့ တုံ့ပြန်ကြ

U Thein Sein ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတ ဦးသိန်းစိန် ကပြည်ပရောက် မြန်မာတွေ ပြန်လာဖို့ ပြောခဲ့

မြန်မာ အစိုးရသစ် ခေါင်းဆောင် သမ္မတ ဦးသိန်းစိန်က ပြည်ပရောက် မြန်မာတွေ ပြန်လာဖို့ ပြောခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာ့အရေး လှုပ်ရှား နေကြသူတွေက ကြိုဆိုလိုက်ပါတယ်။

ဒါပေမယ့် တကယ်တမ်း ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသား တွေကို အရင်လွှတ်ပေးဖို့ လိုသလို သမ္မတရဲ့ အပြောနဲ့တွင် မဟုတ်ဘဲ တရားဝင် လွတ်ငြိမ်း ချမ်းသာခွင့် ကြေညာဖို့ လိုတယ်လို့ သူတို့က ဆိုပါတယ်။

ဒါ့အပြင် အစိုးရနဲ့ နိုင်ငံရေး အယူအဆ မတူကြတဲ့ ပြည်ပရောက် မြန်မာ့အရေးလှုပ်ရှားသူတွေကို ရာဇဝတ်မှု ကျူးလွန် သူတွေအဖြစ် မသတ်မှတ်သင့် ဘူးလို့ NCGUB အဝေးရောက် အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ နိုင်ငံခြားရေး ဝန်ကြီး ဦးဘိုလှတင့်က ပြောပါတယ်။

၈ လေးလုံးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ ခေါင်းဆောင်တွေ ကလည်း အလားတူ အမြင်မျိုးကို သဘောထား ထုတ်ပြန် ခဲ့ပြီး အဲဒီထဲမှာ ပါဝင်တဲ့ ကိုထွန်းအောင်ကျော်က ချွင်းချက်မရှိ ပြန်လာခွင့်ရှိတယ်ဆိုတဲ့ ကြေညာချက်မျိုး ထုတ်ပြန်မှသာ သူတို့အနေနဲ့ စဉ်းစားမှာ ဖြစ်တယ်လို့ဆိုခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲမှာ KIO ကချင်လွတ်လပ်ရေးအဖွဲ့ကို ကချင်ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ ဖွဲ့စည်းထားတာမဟုတ်ဘူး၊ သူတို့ဟာ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ အစည်းသာ ဖြစ်တယ်လို့ ပြောဆိုခဲ့တာနဲ့ပတ်သက်လို့ အဲဒီအဖွဲ့ရဲ့ တွဲဖက် အတွင်းရေးမှူး ဦးလနန် က တိုင်းရင်းသားတွေ လက်နက်ကိုင်ရ တာဟာ နိုင်ငံရေး ပြဿနာကြောင့် ဆိုတာကို တော့ လုံးဝမထုတ်ဖော်ခဲ့ဘူးလို့ တုံ့ပြန်ပါတယ်။

သူတို့ဟာ စစ်ရေး ဗျူဟာအရ အစိုးရရဲ့ ဆက်သွယ်ရေးလမ်းကြောင်း တွေကို ဖြတ်တောက်ဖို့ တံတားတွေကို ဖျက်ဆီးခဲ့တာ ဖြစ်ပြီး အများပြည်သူကို ထိခိုက်အောင် ရည်ရွယ် လုပ်ဆောင်တာမဟုတ်ဘူးလို့လည်း သူက ဆိုခဲ့ပါတယ်။