နိုင်ငံ​ရေး​အကျဉ်းသား မိသား​စု​တွေ​ရဲ့ သဘောထား

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးစုံစမ်း စစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားဟာ မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ပါမယ်။

Image caption မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနား

ရှမ်းပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကတော့ မစ္စတာ ကင်တားနားကို တွေ့ဆုံခွင့် ရမရ မသေချာသေးပေမယ့် တွေ့တဲ့အခါ ဆွေးနွေးဖို့ သူတို့ဘက်က ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ ဘီဘီစီကို ပြောပါတယ်။ အဓိကက ၂ ချက်ပဲ တောင်းဆိုမှာပါ။ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးဖို့နဲ့ စစ်မက်ဖြစ်ပွားရာ ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ဒုက္ခသည်တွေကို ကူညီပံ့ပိုးပေးဖို့ အဓိကထား ဆွေးနွေးမှာပါလို့ SNLD က ပြောရေးဆိုခွင့် ရှိသူ ဦးစိုင်းလိတ်က ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်ထောင်မှာ ထောင်ဒဏ်၆၅နှစ်ခွဲ ကျခံနေရတဲ့ ၈၈မျိုးဆက် ကျောင်းသား ကိုဌေးကြွယ်ရဲ့ ယောက်ဖ ကိုဖြိုးမင်းသိန်းကတော့ နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ပေးရင်တောင် အနိမ့်ဆုံးအဆင့်အနေနဲ့ မိသားစုနဲ့နီးတဲ့ ထောင်တွေကို ပြောင်းရွေ့ပေးဖို့ မျှော်လင့်တဲ့ အကြောင်း ပြောပါတယ်။

ဗန်းမော်ထောင်မှာ ထောင်ဒဏ် နှစ်၂၀ ကျခံနေရတဲ့ အလုံ NLD ဥက္ကဌ ဦးဘမြင့်ရဲ့သား ကိုလူမော်လတ်ကတော့ ပြည်ပက အဆင့်မြင့် ပုဂ္ဂိုလ်တွေ လာဆွေးနွေးကြ ပေမယ့် နိုင်ငံရေး အကျဉ်းသား လွှတ်ပေးဖို့ ကိစ္စဟာ အစိုးရရဲ့ ဆန္ဒအပေါ် မူတည်လို့ အများကြီး မျှော်လင့်မထားဘူးလို့ ဆိုပါတယ်။

မစ္စတာကင်တားနားရဲ့ခရီးစဉ်ဟာ သြဂုတ်လ ၂၁ ကနေ ၂၅ ရက်နေ့ထိ ၅ ရက်ကြာမှာ ဖြစ်ပြီး အဲဒီခရီစဉ်အတွင်းမှာ အစိုးရဘက်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်သလို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။