တောင်ပိုင်း ဆူဒန် လူမျိုးရေး ပြဿနာ

Sudan
Image caption ဆူဒန်တောင်ပိုင်းမှာ နွားဟာ ငွေ နွားဟာ ဂုဏ်

တောင်ပိုင်းဆူဒန်နိုင်ငံဟာ နိုင်ငံသစ်အဖြစ် ပေါ်ပေါက်လာတာ သိပ်မကြာသေးခင်မှာပဲ လူပေါင်း ၅၀၀ ကျော် သေဆုံးတဲ့ အဓိကရုဏ်းမှုကြီး ဖြစ်ပွားခဲ့ပါတယ်။

ဂျွန်ဂလေ ပြည်နယ်ရဲ့ ဥပဒေ စိုးမိုးရေး ဝန်ကြီးဌာန ဝန်ကြီးရဲ့ ပြောကြားချက် အရ လူပေါင်း ၅၀၀ ကျော် အသတ်ဖြတ်ခံခဲ့ရပြီး ၆၀၀ ကျော် ဒဏ်ရာရခဲ့တဲ့ အပြင် ကလေးသူငယ် အများစုဖြစ်ကြတဲ့ လူပေါင်း ၂၀၀ ကျော် လည်း ပြန်ပေးဆွဲခံထားရပါတယ်။

ပြဿနာက လူမျိုးရေး အဓိကရုဏ်း ဖြစ်ပါတယ်။

ဂျွန်ဂေလ ပြည်နယ်အုပ်ချုပ်ရေး မှူးရဲ့ ပြောကြားချက်အရ မာလေ လူမျိုး လူငယ်အုပ်စုတွေက ပိုင်းရီ မြို့အနားက လူနူဝါး လူမျိုးတွေနေထိုင်တဲ့ နေရာ အနှံ့အပြား ကို တိုက်ခိုက်ခဲ့ပါတယ်။

ဒီလို တိုက်ခိုက်ရတာကလည်း ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်းမှာ လူနူဝါး လူမျိုးတွေက တိုက်ခိုက်ခဲ့တာကို ပြန်ပြီး လက်စားချေတာဖြစ်ပါတယ်။

ပြဿနာ စဖြစ်ပွားရပုံကတော့ လူနူဝါး လူမျိုးတွေရဲ့ နွားအကောင်ရေ ၃၈၀၀၀ လောက်ကို မာလေလူမျိုးတွေက ခိုးယူခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲသလို ခိုးယူခံခဲ့ရလို့ လူနူဝါး လူမျိုးတွေက မာလေတွေကို စတင်တိုက်ခိုက်ခဲ့တာပါ။

တောင်ပိုင်း ဆူဒန်ဒေသ ဂျွန်ဂလေပြည်နယ်မှာ နွားခိုးမှုကနေ သွေးထွက်သံယို ပဋိပက္ခ ဖြစ်ပွားကြတဲ့ အစဉ်အလာမျိုး အရင်ကလည်း ရှိဖူးတယ်လို့ ဆိုပါတယ်။

ဆူဒန်တောင်ပိုင်းမှာ နွားဟာ ချမ်းသာကြွယ်ဝခြင်းရဲ့ အမှတ်အသား ဖြစ်ပြီး အိမ်ထောင်ပြုတဲ့အခါမှာလည်း နွားနဲ့ တင်တောင်းတဲ့အလေ့အထရှိပါတယ်။

ဒီတော့ ပြဿနာရဲ့ အရင်းမြစ်ဟာ ရှေးကျတဲ့ လူမျိုးရေး အစဉ်အလာအပေါ်မှာ အခြေခံတဲ့ပုံစံ ဖြစ်ပေမဲ့ သွေးထွက်သံယိုမှုတွေက တော့ အလွန် ကြီးမားလှ ပါတယ်။