နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေး ကင်တားနား တောင်းဆို

လေဆိပ်မှာ ခရီးစဉ်နဲ့ပတ်သက်လို့ မစ္စတာကင်တားနား သတင်းစာရှင်းနေစဉ် ဓာတ်ပုံ မူပိုင် AP
Image caption လေဆိပ်မှာ ခရီးစဉ်နဲ့ပတ်သက်လို့ မစ္စတာကင်တားနား သတင်းစာရှင်းနေစဉ်

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား ဟာ ၅ရက်ကြာ ခရီးစဉ်ပြီးဆုံးလို့ ပြန်မထွက်ခွာမီ သတင်းစာရှင်းပွဲမှာ နိုင်ငံရေး အကျဉ်းသား တွေကို မြန်မာနိုင်ငံမှာ အများအပြားဆက် ဖမ်းထားတဲ့အပေါ် နိုင်ငံတကာ ကရော သူ့အနေနဲ့ပါ အလွန်စိုးရိမ်တယ်လို့ ပြောပါတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးမှာ နိုင်ငံရေး အကျဉ်းသား တွေပြန်လွှတ်ရေးဟာ အလွန်အရေးပါတယ်လို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့တွေ့တုံးက ပြောကြားခဲ့တယ်လို့ သူကဆိုပါတယ်။

မြန်မာအစိုးရ ရုပ်မြင်သံကြားမှာ တော့ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းက မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား သို့မဟုတ် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ မရှိဘူးလို့ဖြေကြား တဲ့ပုံကိုပြသွားပါတယ်။

ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ကို သွားရောက်တွေ့ဆုံရာမှာ သူ့အနေနဲ့ ကင်တားနားနဲ့ ဆွေးနွေးရတာ အားရတယ်လို့ ထုတ်ဖေါ် ပြောကြား သွားပါတယ်။

သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာနိုင်ငံမှာ ပြောင်းလဲတဲ့ လမ်းစတချို့ သူမြင်တွေ့ခဲ့ရကြောင်း လူ့အခွင့်အရေးကိစ္စတွေ လုပ်စရာကျန်နေသေးသလို အရင်ခရီးစဉ်က အကြံပြုချက်တွေကို မလုပ်ရသေးတာ ကျန်သေးကြောင်း အခုခရီးစဉ်မှာ တွေ့ရှိတာတွေကို အစီရင်ခံမှာ ထည့်သွင်း ရေးသားသွားမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ခရီးစဉ်အတွင်း အစိုးရအဖွဲ့ဝင်ဝန်ကြီးများ လွှတ်တော်၂ရပ်မှ ဥက္ကဌများ အပါအဝင် တရားသူကြီးချုပ် ရှေ့နေချုပ်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် အင်းစိန်ထောင်မှာ နိုင်ငံရေး အကျဉ်းသားတွေနဲ့ တွေ့ခွင့်ရပြီး နိုင်ငံရေးပါတီတွေ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ကင်တားနားရဲ့ ခရီးစဉ်ကို ကြိုဆိုပေမဲ့ တခေါက်ထဲနဲ့တော့ လူ့အခွင့်အရေး အခြေအနေ တွေရုတ်ခြည်းတိုးတက်လာမယ်လို့ မယုံကြည်ကြောင်း လုပ်စရာတွေ အများကြီး ကျန်သေးကြောင်း လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်ရေးအဖွဲ့မှ ဦးမောင်မောင်လေးက ဘီဘီစီကို ပြောကြားသွားပါတယ်။