ကျောက်ဆည် မန္တလေး ရေကြီး

Mandalay flood
Image caption မန္တလေး ရေကြီးမှု မြင်ကွင်း

ကျောက်ဆည်နဲ့ မန္တလေးမှာ ပြီးခဲ့တဲ့ အပတ်က မိုးသည်းပြီးနောက် ရေကြီး ရေလျှံနေပါတယ်။

ကျောက်ဆည်မှာ ဇော်ဂျီ မြစ်ရေ လျှံတက် လာပြီး ကင်းတားနဲ့ ငပြောင် ဆည်တွေကနေ ရေတွေ ဖောက်ချ လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ဆည်မှာ ရပ်ကွက် သုံးခု ရေမြုတ်နေပြီး တချို့ နေရာတွေမှာ ရေဟာ လူတရပ်လုံး နီးနီးထိ တက်လာနေပြီလို့ ဒေသခံ တယောက်က ဘီဘီစီကို ပြောပြပါတယ်။

ရေလွတ်တဲ့ ရပ်ကွက်တွေက ထမင်းထုပ်တွေ ဝေငှပြီး တတ်နိုင်တဲ့ အကူအညီတွေ ပေးပါတယ်။

ကြက်ခြေနီနဲ့ မီးသတ်က အပြင် မထွက် နိုင်သူတွေကို အသက်ကယ် ဘောကွင်းတွေ လာပို့ ပေးထားတယ်လို့ မြို့ခံ တယောက်က ပြောပါတယ်။

တချို့ မိသားစုတွေရဲ့ အသုံး အဆောင် ပစ္စည်းတွေ ရေထဲ ပါသွားပြီး တချို့ဆို ဘာပစ္စည်းမှ သယ်ဖို့ အချိန် မရတော့ဘူးလို့ ပြောပါတယ်။

ရေးဘေး သင့်သူတွေကို ဘုန်းကြီးကျောင်းတွေက လက်ခံ စောင့်ရှောက်ထားပြီး တချို့လည်း နီးစပ်ရာ သားချင်း ဆွေမျိုးတွေ အိမ်မှာ နေရပြီး လမ်းပေါ် ကြုံသလို နေရသူတွေလည်း ရှိနေပါတယ်။

Image caption ကျောက်ဆည် ခရိုင် ဒေသမှာ ၂၀၀၆ ကစပြီး ပုံမှန် ရေကြီးလေ့ရှိ

ကျောက်ဆည်မှာ ၂၀၀၆ ခုက စပြီး မှန်မှန် ရေကြီး နေပါတယ်။

ဒါဟာ မြစ်ချောင်းတွေ တိမ်ကောလာလို့ ရေစီး ဆင်းမှု ပိတ်ဆို့ လာနေပြီး အစိုးရဘက်က တာတမံ တည်ဆောက်တာတွေ မလုပ် ပေးနိုင်လို့ ခုလို ရေလွှမ်းမိုးမှုနဲ့ မကြာခဏ ကြုံရတာလို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးမှာလည်း မြို့ပေါ် ရပ်ကွက် တချို့မှာ အရင် တပတ် မိုး အဆက် မပြတ် ရွာလို့ ဝပ်နေတဲ့ ရေတွေက မကျသေးဘူလို့ သိရပါတယ်။

ဧရာဝတီမြစ် နံဘေးက ချိုင့်ခွက်လို ဖြစ်နေတဲ့ ညောင်ကျွဲ ရပ်ကွက် ဘက်မှာ ဒီကနေ့ အထိ လှေနဲ့ သွားလာ နေရတုန်းပဲလို့ ဒုက္ခသည် တွေကို ငွေကြေး၊ စားစရာနဲ့ အကူ အညီတွေ အပြင် ဆေးဝါး ကုသမှုတွေကို သွားပေးနေတဲ့ ဗြဟ္မစိုရ် လူမှု ကူညီရေး အသင်းက အသင်းဝင် တစ်ယောက်က ပြောပါတယ်။

မန္တလေး ရေဘေးသင့်သူတွေဟာ ကုန်းမြင့်ပိုင်းက ဘုရား ပရဝုဏ်တွေ၊ ဘုန်းကြီးကျောင်း တွေမှာ နေနေရပါတယ်။

လောလောဆယ် ကုသိုလ်တော် ဘုရားဝင်းထဲမှာ ရေဘေး ကယ်ဆယ်ရေး စခန်း ဖွင့်ထားပါတယ်။