၅ (ည) ဥပဒေ ဖျက်ဖို့ အဆို ပယ်ချ ခံရ

ပြည်သူ့ လွှတ်တော် အစည်း အဝေးမှာ NMDP အမျိုးသား ဒီမိုကရေစီ ပါတီသစ် ဥက္ကဌ ဦးသိန်းညွန့် တင်သွင်း ခဲ့တဲ့ နိုင်ငံတော် အရေးပေါ် စီမံချက် အက်ဥပဒေ ၅ (ည) ဖျက်သိမ်းရေး အဆိုကို အင်္ဂါ နေ့က ဆွေးနွေးပြီး မဲခွဲ ဆုံးဖြတ် ခဲ့ကြ ရာမှာ အဆို တင်သူဘက်က ရှုံးနိမ့် သွားခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ပြည်ထောင်စု လွှတ်တော်ကို စက်တင်ဘာ ၅ ရက်နေ့ ကျင်းပ မယ်

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ဘက်က လေးယောက်က အဲဒီ အဆိုကို ကန့်ကွက် ကြောင်း ဆွေးနွေး ခဲ့ကြပြီး ပြည်ထဲရေး ဝန်ကြီးက အဆိုကို ပြန်လည် ရုပ်သိမ်းဖို့ မေတ္တာ ရပ်ခံခဲ့ရာမှာ အဆိုရှင် ဦးသိန်းညွန့်က မရုပ်သိမ်းနိုင် ဘူးလို့ ပြောတဲ့ အတွက် မဲခွဲ ဆုံးဖြတ် ခဲ့ကြတယ်လို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အမျိုးသား ဒီမိုကရေစီ ပါတီသစ် ဒုတိယ ဥက္ကဌ ဦးကြီးမြင့် က ပြောပါတယ်။

မဲခွဲ ကြရာမှာ လျှို့ဝှက် ခလုတ် နှိပ်ပြီး မဲပေး တာမျိုး မဟုတ်ဘဲ မတ်တပ်ရပ် ဗြောင် မဲပေးတဲ့ စနစ်ကို သုံးခဲ့တယ် လို့ လည်း သူက ဆိုပါတယ်။

အဆိုကို လွှတ်တော် အမတ် ၈ ယောက် ကသာ ထောက်ခံ ခဲ့ပြီး ကျန်သူတွေ အားလုံးက ကန့်ကွက် ခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာ နိုင်ငံ မှာ မြေပေါ် မြေအောက် လက်နက်ကိုင် သူပုန်တွေ ရဲ့ အန္တရာယ် ရှိခဲ့တဲ့ ၁၉၄၉ ခုနှစ် လောက်က အဲဒီ ဥပဒေကို ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အချိန်က တိုင်းပြည်ရဲ့ လုံခြုံရေး အတွက် လိုအပ်ခဲ့ ပေမဲ့ အခု အချိန်မှာ မရှိသင့် တော့ဘူးလို့ ဦးသိန်းညွန့်က မြင်တဲ့ အတွက် အဆို တင်သွင်း ခဲ့တာပါ။

အခုတော့ ဒီမိုကရေစီ ဘက်တော်သား တွေကို ဖိနှိပ်ဖို့ အတွက် နိုင်ငံတော် လုံခြုံရေး အကြောင်း ပြချက်နဲ့ အရေးပေါ် စီမံချက် အက်ဥပဒေကို ကျင့်သုံး နေတာ ဖြစ်တယ်လို့ ဦးသိန်းညွန့်က ထောက်ပြ ခဲ့တဲ့ အကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကြီးမြင့်က ပြောပါတယ်။

ကန့်ကွက်သူတွေ ဘက်ကတော့ ဒီ ဥပဒေဟာ မြန်မာ နိုင်ငံ လုံခြုံရေးနဲ့ နိုင်ငံသား တွေရဲ့ အေးချမ်း သာယာရေး အတွက် လိုအပ်တယ်လို့ အကြောင်း ပြခဲ့ကြ တယ် လို့လည်း သူက ပြောပါတယ်။