လွှတ်တော် ကော်မတီ ကို အကြံပြုလွှာပို့

paddy_field
Image caption လယ်မြေအသိမ်းခံနေရ

မြန်မာနိုင်ငံမှာ လယ်ယာမြေတွေ အဓမ္မ သိမ်းယူမှု တွေ ဆက်လက်ရှိ နေတာကြောင့် လယ်သမားတွေ နစ်နာမှု ရှိနေတာကို ဉပဒေ အရ အကာအကွယ် ပေးဖို့ ပြည်သူ့လွှတ်တော်ထဲက သက်ဆိုင်ရာ ကော်မတီ အသီးသီး ကို ရှေ့နေ ဦးဖိုးဖြူနဲ့ ဒဂုံမြို့သစ်က လယ်သမား ၅ဝဝ ကျော်က အကြံပြုလွှာ ပေးပို့ကြပါတယ်။

ရှေ့နေ ဦးဖိုးဖြူက လယ်သမားတွေ အနေနဲ့ တရားမျှတမှုကို လွှတ်တော်မှ ပြဌာန်းပေးစေလိုတဲ့ အကြောင်း၊ တောင်သူတွေ ရဲ့ အခွင့်အရေး မဆုံးရှုံး စေလို့ အတွက်၊ အကြံပြုလွှာ ပို့ရပုံ ကို ဘီဘီစီ ကို ရှင်းပြပါတယ်။

လယ်သမားတွေရဲ့ လယ်ယာမြေ တွေကို အကြောင်းအမျိုးမျိုး ပြပြီး သိမ်းယူနေရာမှာ ပြီးခဲ့တဲ့ ဧပြီလ က ဆိုရင် ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရေလယ်တောင် ရွာမှာ လယ်ဧက ၂ဝဝ ကို ကောင်းမြန်မာ ပန်းပု ကုမ္ပဏီ က သိမ်းယူတဲ့ အတွက်၊ လယ်သမားတွေ က လယ်မြေတွေ ကို ပြန်ရလို ကြောင်း တောင်းဆိုတာပါ။

ပြီးခဲ့တဲ့ရက်ကတော့ လွှတ်တော်က ပြုပြင်ပြောင်းလဲရေး နဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ကော်မတီ ဉက္ကဌ ဦးအောင်သိန်းလင်း က လယ်သမားတွေ ကို လာရောက် တွေ့ဆုံပြီး၊ လယ်လုပ်သူဟာ လယ်စိုက်ပျိုးပိုင်ခွင့် ရှိရမယ် လို့ ပြောသွားကြောင်း ရေလယ်တောင်မှ လယ်သမားက ဘီဘီစီ ကို ပြောပြပါတယ်။