မြန်မာနိုင်ငံမှာလူ့အခွင့်အရေးချိုးဖေါက်မှုရှိ

ban ki moon ဓာတ်ပုံ မူပိုင် AP
Image caption ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာမှာ အစိုးရသစ် ရဲ့ ကတိကဝတ် တွေကို ကြိုဆိုသလို နိုင်ငံရေး အကျဉ်းသားတွေ လွှတ်မပေးသေးခြင်းဟာ မြန်မာ အစိုးရ ရဲ့ တခြားဆောင်ရွက်ချက် တွေကို သေးသိမ်ရာ ရောက်စေတယ်လို့ ဖေါ်ပြထားပါတယ်။

အရပ်သား အစိုးရသစ် ဖွဲ့စည်းတာရယ်၊ ဒေါ်အောင်ဆန်းစုကြည် ကို အကျယ်ချုပ်က လွှတ်ပေးတာဟာ မြန်မာနိုင်ငံ ကို တိုးတက်ပြောင်းလဲတဲ့ လမ်းပေါ် ပို့ပေး ပေမယ့် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ၊ နိုင်ငံရေး၊ စီးပွားရေး ပြဿနာတွေ ကို ကာလတာရှည် ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရခြင်း တွေကို မြန်မာ အစိုးရသစ် အနေနဲ့ ပြုပြင် ပြောင်းလဲရေး အစီအစဉ် အဖြစ် ပေးထားတဲ့ ကတိ အတိုင်း အမြန်ဆုံး အကောင်အထည် ဖေါ်ဖို့ ဘန်ကီမွန်းက တိုက်တွန်းထားပါတယ်။

အဆိုပါ နှစ်ပတ်လည် အစီရင်ခံစာ ကို အခု လကုန်ပိုင်းမှာ ကျင်းပမယ့် ၆၆ ကြိမ်မြောက် ညီလာခံမှာ တင်ပြဖို့ရှိပါတယ်။ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ် အိုဟေး ကင်တားနား ကလဲ၊ မကြာခင်က မြန်မာ့ခရီးစဉ် အတွင်း တွေ့ရှိချက် ကိုလည်း ဒီညီလာခံမှာ ပဲ တင်ပြမှာပါ။