ဆရာတော် ဦးဥတ္တမနေ့ပြည်တွင်း ပြည်ပ ဂုဏ်ပြု

ဆရာတော် ဦးဥတ္တမနေ့ အခမ်း အနား စစ်တွေမြို့
Image caption ဆရာတော် ဦးဥတ္တမနေ့ အခမ်း အနား စစ်တွေမြို့

ဒီကနေ့မှာ ကျရောက်တဲ့ ၇၂ နှစ်မြောက် ဆရာတော်ဦးဥတ္တမ နေ့ကိုတော့ ရခိုင်ပြည်နယ်က မြို့နယ် အတော် များများမှာ ကျင်းပ ပြုလုပ်ခဲ့ကြပါတယ်။ စစ်တွေမြို့မှာဆိုရင် ရဟန်းတော် အပါး သုံးရာလောက်က ဆွမ်းခံကြွချိန်မှာ သပိတ် ကိုယ်စီနဲ့ ဆရာ ဦးဥတ္တမ ရုပ်တု တည်ရှိရာ ဥတ္တမ ပန်းခြံကို သွားရောက်ပြီး မေတ္တာသုတ် တွေ ရွတ်ဆိုကာ ပန်းတွေ ဆီးမီးတွေနဲ့ ဂုဏ်ပြု ပူဇော်ခဲ့ကြပါတယ်။

ညနေ ၃ နာရီမှာလည်း ရခိုင်တိုင်းရင်းသားများပါတီက ဦးဆောင်ပြီး စစ်တွေမြို့ခံ ထောင်ချီတဲ့ ပြည်သူတွေက ဆရာတော် ဦးဥတ္တမ ရုပ်တုကို ပန်းဆီးမီးတွေနဲ့ သွားရောက် ပူဇော်ခဲ့ကြပါတယ်။

ရန်ကုန်မြို့မှာတော့ ဗဟန်းမြို့နယ် ဓညဝတီ သာသနာပြု ကျောင်းတိုက်မှာ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်က ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒုဥက္ကဌ ဦးတင်ဦး အပါအဝင် ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးအုံးကြိုင်နဲ့ CEC အဖွဲ့ဝင်တွေနဲ့ လူငယ်အဖွဲ့ဝင်၊ အမျိုးသမီး အဖွဲ့ဝင်တွေ တခြားတိုင်းရင်းသား လူငယ်တွေစုစုပေါင်း ၁၅၀ ကျော် တက်ရောက် ကြတယ်။

ဒီနှစ်မှာ ထူးခြားတာကတော့ အရင်က နှစ်တွေက တခါမှ မကျင်းခဲ့ဘူးတဲ့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း။ မင်းပြား၊ မြောက်ဦး၊ ကျောက်ဖြူနဲ့ တောင်ကုတ်မြို့တွေမှာလည်း ကျင်းပခဲ့ကြပါတယ်။ ဒီနှစ်မှာ ဘာကြောင့် ဆရာတော် ဦးဥတ္တမနေ့ကို ပြည်တွင်းမှာ နေရာ အများအပြားမှာ ကျင်းပခွင့်ရခဲ့တဲ့ အခြေအနေကိုတော့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက တာဝန်ရှိသူ တစ်ဦးက အရပ်သားအစိုးရက အရင်နဲ့မတူဘဲပို လွတ်လပ်လာတာလို့ ယူဆကြောင်း ဘီဘီစီကိုပြောပါတယ်။

၇၂ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ကို ပြည်ပနိုင်ငံတွေ ဖြစ်တဲ့ ဘင်္ဂလာဒေချ့်၊ အိန္ဒိယ၊ ထိုင်း၊ မလေးရှား စတဲ့ နိုင်ငံတွေမှာလည်း ပြည်ပရောက် ရခိုင်အမျိုးသား တွေက ဦးဆောင် ဦးရွက်ပြု ကျင်းပခဲ့ကြပါတယ်။