ချင်းလူငယ် ကြားဘိန်းစွဲသူ များလာ

ရင့်မှည့်နေတဲ့ဘိန်းပင်များ
Image caption ရင့်မှည့်နေတဲ့ဘိန်းပင်များ

ခုတလော ချင်းပြည်နယ်နဲ့ အိန္ဒိယ နိုင်ငံနယ်စပ် တွေမှာ ဘိန်းစိုက်ပျိုးမှုတွေ အဆမတန် တိုးလာပြီးတော့ ဘိန်းစွဲတဲ့ လူငယ်တွေများ လာလို့ ဒေသခံလူကြီးတွေ အတော် စိုးရိမ်လာရတဲ့ အခြေအနေ ဆိုက်နေတယ်လို့ သိရပါတယ်။

ဒီစိုက်ခင်းတွေဟာ အိန္ဒိယခွဲထွက်ရေး မဏိပူ ကသည်းသူပုန်တွေ အခြေစိုက်တဲ့ ချင်းပြည်နယ် တွန်းဇံမြို့နယ်နဲ့ ကျီခါးမြို့နယ်ခွဲကနေ တမူးအနောက်ဘက်ထိ ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးလာတာလို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

၂၀ဝ၀ ခုနှစ်ကနေစတင်စိုက်ပျိုးခဲ့တဲ့အကြောင်း၊ ၂၀ဝ၈ခုနှစ်လောက်မှာ တော်တော် ကြီးကျယ်လာပြီး ဧက ၅၀ဝ ကျော်လောက်ရှိနိုင်ကြောင်း ၊အိန္ဒိယကိုတော့ သုံးပုံ၁ပုံလောက်သွားပြီး ဒေသ အာဏာပိုင်တွေကို သတင်းပေးပေမဲ့ အရေးယူတာ မရှိဘူးလို့တွန်းဇံဒေသခံ တယောက်က ဘီဘီစီကိုပြောပါတယ်။

ဒီလိုဘိန်းတွေစိုက်ပျိုးနိုင်အောင် ဒေသခံချင်းတိုင်းရင်းသားတွေကိုသူပုန်တွေက တောင်ယာခုတ်ခိုင်းပုံနဲ့ ချင်းတိုင်းရင်းသားတွေကိုယ်တိုင် ဘိန်းစိုက်လာကြသလို ဒေသခံလူငယ်တွေ ဘိန်းစွဲလာတဲ့အကြောင်း ချင်းတိုင်းရင်းသား တယောက်ကလည်း ပြောပါတယ်။

မဏိပူကသည်း သူပုန်တွေက ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ပေါင်းပြီး ဘိန်းအရောင်း အဝယ်လုပ်ကြတယ်လို့ ဒေသခံတွေက ပြောပေမယ့် ဘီဘီစီကတော့ သီးခြား အတည်ပြုချက်မရသေးပါဘူး။

ချင်းပြည်နယ်ကထွက်တဲ့ ဘိန်းစိမ်းတပိဿာကို မြန်မာငွေ၆သိန်းနဲ့ ကသည်းသူပုန်တွေက ကောက်ပြီးတော့ ဘိမ်းမည်းလုပ်ပြီး တပိဿာ ၁၆ သိန်းလောက်နဲ့ ဖေါက်သည် ပြန်ပေးနေကြတယ်လို့သိရပါတယ်။ မဏိပူခွဲထွက်ရေး သူပုန်တွေဟာ တွန်းဇံမြို့နယ် ကျီခါးအရပ်နဲ့ ကဘော်ချိုင့်ဝှမ်း တလျှောက်မှာ အခိုင်အမာ အခြေစိုက်ပြီးတော့ တမူး ကလေးအပါအဝင် စစ်ကိုင်းတိုင်းနေရာ အတော်တော်များများမှာ မြန်မာမှတ်ပုံတင်နဲ့ တရားဝင်နေထိုင်နေကြပါတယ်။