လူမှုအထောက်အကူ အဖွဲ့တွေကို မစ်ချဲလ် သွားတွေ့

ဓာတ်ပုံ မူပိုင် AFP
Image caption HIV/AIDS ဝေဒနာသည်တွေကို မစ္စတာ မစ်ချဲလ် ကိုယ်တိုင် လာကြည့်

မြန်မာနိုင်ငံမှာ ရောက်နေတဲ့ အမေရိကန် အထူးကိုယ်စားလှယ် Derek Mitchell ဒဲရက်ခ် မစ်ချဲလ် ဟာ ရန်ကုန်မြို့မှာ ရှိတဲ့ လူမှု အထောက်အကူပြု အဖွဲ့တချို့နဲ့ ဒီကနေ့ တနင်္ဂနွေနေ့မှာ တွေ့ဆုံခဲ့ပြီး သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။

မနက်ပိုင်းမှာ နာရေးကူညီမှု အသင်းနဲ့ တွေ့ဆုံခဲ့ ပြီး နာရေး ကူညီမှု အသင်း လုပ်ဆောင်နေတဲ့ နာရေး ဆောင်ရွက်ချက်တွေ၊ ဆေးခန်းဖွင့် ဆေးကုသနေမှုတွေနဲ့ ပညာရေး သင်တန်းတွေကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။

နိုင်ငံရေး မပါပဲ လူမှုရေး သက်သက် လုပ်နေတဲ့ နာရေးကူညီမှု အသင်းအပေါ် အကြောင်းပြ ချက် မရှိပဲ အစိုးရက ကန့်သတ် ပိတ်ပင်မှုတွေ လုပ်နေတဲ့ အကြောင်းတွေကို မစ္စတာ မစ်ချဲလ် ကို တင်ပြ ပြောဆိုခဲ့တယ်လို့ နာရေး ကူညီမှု အသင်း ဒုတိယ ဥက္ကဌ ဦးကျော်သူက ဘီဘီစီကို ပြောပါတယ်။

၂၀၀၇ စက်တင်ဘာ သံဃာ့ အရေးအခင်းတုန်းက ဘုန်းကြီးတွေကို ဆွမ်းကပ်ခဲ့တယ် ဆိုပြီး တရားဝင် အကြောင်းကြားစာ မပို့ပဲ အနုပညာ လုပ်ငန်းတွေ လုပ်ခွင့် သူ့ကို ရပ်ဆိုင်း ထားခဲ့ တာကိုလည်း မစ္စတာ မစ်ချဲလ်ကို ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

နာရေးကူညီမှု အသင်းက ဖွင့်လှစ်ထားတဲ့ မျက်စိခွဲခန်း အစစ ပြည့်စုံနေပေမဲ့ ဖွင့်ခွင့် မရ သေးတာကို တွေ့ရလို့လည်း မစ္စတာ မစ်ချဲလ် အနေနဲ့ အံ့အားသင့် သွားခဲ့ရတယ်လို့ ဦးကျော်သူ က ပြောပါတယ်။

တခါ မစ္စတာ မစ်ချဲလ်ဟာ HIV/AIDS ဝေဒနာသည်တွေကို လက်ခံစောင့်ရှောက်ပေးနေတဲ့ လူမှုရေး အဖွဲ့ ဂေဟာကိုလည်း သွားရောက် ကြည့်ရှုခဲ့ပါတယ်။

မစ္စတာ မစ်ချဲလ် က မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြပ်အတည်းတွေ ဖြစ်နေတာကို သူတွေ့ရှိခဲ့ကြောင်း၊ အစိုးရအနေနဲ့ ဒီပြဿနာတွေကို သူတို့ချည်း ဖြေရှင်းနိုင် မှာ မဟုတ်ပဲ ပြည်တွင်းမှာ ရှိတဲ့ အဖွဲ့အစည်း ပေါင်းစုံနဲ့ ပူးပေါင်း လုပ်မှ ဖြစ်နိုင်မယ် ဆိုတာ ကို လက်ခံတယ်လို့ သူ့ကို ပြောခဲ့ကြောင်း နဲ့ အစိုးရဘက်က အပြောအဆို အပြောင်းအလဲ တွေ ရှိလာတာကို တွေ့ခဲ့ရကြောင်းတွေကို မစ္စတာ မစ်ချဲလ်က ပြောပြတယ်လို့ HIV/AIDS ဝေဒနာသည်တွေကို လက်ခံစောင့်ရှောက်ပေးနေတဲ့ လူမှုရေး အဖွဲ့က မဖြူဖြူသင်းက ဘီဘီစီကို ပြောပါတယ်။

သူတို့ လူမှုရေး အဖွဲ့တွေကို အမေရိကန် အစိုးရက ဘယ်လို အထောက်အပံ့ အကူအညီမျိုး ပေးမလဲ ဆိုတာကို ပြောမသွားပေမဲ့ အခုလို လူမှုရေး အဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေကို ကိုယ်တိုင် လာရောက် ကြည့်ရှုခဲ့တဲ့အတွက် မြန်မာ ပြည်သူတွေ ကြုံတွေ့ ခံစားနေရတဲ့ အထွေထွေ အကြပ်အတည်းတွေကို မျက်မြင် တွေ့သွားတဲ့ သဘောမျိုး ရှိတယ်လို့ မဖြူဖြူသင်းက ပြောပါတယ်။