ဒေါ်စု နဲ့ ဒဲရစ် မစ်ချဲလ် တွေ့ဆုံ

Daw Aung San Suu Kyi and Derek Mitchell ဓာတ်ပုံ မူပိုင် AFP
Image caption ဒေါ်အောင်ဆန်း စုကြည်နဲ့ ဒဲရက် မစ်ချဲလ် တို့ တနင်္လာ နေ့က တွေ့ဆုံခဲ့

မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် မစ္စတာ ဒဲရက် မစ်ချဲလ် ဟာ ဒေါ်အောင်ဆန်း စုကြည်နဲ့ တနင်္လာနေ့ က ရန်ကုန်မြို့မှာ တွေ့ဆုံ ခဲ့ကြ ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ရဲ့ နေအိမ်မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲ အပြီး သတင်းထောက် တွေရဲ့ အမေးကို ဖြေခဲ့ ကြပေမယ့် ဘာတွေ ဆွေးနွေးခဲ့တယ် ဆိုတဲ့ အသေးစိတ် ကိုတော့ နှစ်ဦးလုံးက ထုတ်ဖော် မပြောခဲ့ပါဘူး။

မစ္စတာ မစ်ချဲလ်ဟာ NLD အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPP ကိုယ်စားလှယ် တွေနဲ့လည်း တွေ့ဆုံခဲ့ ပါတယ်။

CRPP ဘက်က တက်ရောက်လာတဲ့ ဦးအေးသာအောင်နဲ့ ဦးကျင်ရှင်းထန် တို့က တိုင်းရင်းသား အရေး ကိစ္စ တွေကို အဓိက ဆွေးနွေးခဲ့ကြတယ်လို့ အန်အယ်လ်ဒီ ဒုတိယ ဥက္ကဌ ဦးတင်ဦးက ဘီဘီစီကို ပြောပါတယ်။

တခြား နိုင်ငံရေး လှုပ်ရှားသူတွေနဲ့လည်း တွေ့ဆုံ

မစ္စတာ မစ်ချဲလ်ဟာ Generation Wave မျိုးဆက်သစ် လူငယ်များ အစည်း အရုံး တည်ထောင်သူ တစ်ယောက် ဖြစ်တဲ့ ဟစ်ပ်ဟော့ပ် အဆိုတော် ကိုဇေယျာသော်၊ ဥပဒေ အကြံပေး ပုဂ္ဂိုလ် ဦးအောင်သိန်း၊ ၈၈ မျိုးဆက် ကျောင်းသား ကိုမြတ်သူ၊ လူ့ အခွင့် အရေး ကာကယ် မြှင့်တင်သူများ ကွန်ယက်က ဦးမောင်မောင်လေး တို့ နဲ့လည်း အမေရိကန် စင်တာမှာ တွေ့ဆုံခဲ့ ပါတယ်။

လက်ရှိ မြန်မာ နိုင်ငံမှာ ဖြစ်ပေါ် နေတဲ့ ပြောင်းလဲမှုတွေ အပေါ် သူတို့ ဘယ်လို သုံးသပ်တယ် ဆိုတာ ကို မစ္စတာ မစ်ချယ်က မေးမြန်း ခဲ့တယ်လို့ ကိုဇေယျာသော်က ပြော ပါတယ်။

သူ့ အနေနဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ ရဲ့ လက်ရှိ ဆွေးနွေးမှုဟာ တွေ့ဆုံ ဆွေးနွေးမှု အဆင့် မရောက်သေးပေမဲ့ တွေ့ဆုံ ဆွေးနွေးမှုရဲ့ ပထမ ခြေလှမ်း အဖြစ် ကြိုဆိုတယ်၊ ဒါပေမဲ့ သတိထား စောင့်ကြည့် နေတယ်လို့ ကိုဇေယျာသော်က ပြောပါတယ်။

တွေ့ဆုံရာမှာ ပါတဲ့ ဥပဒေ အကြံပေး ပုဂ္ဂိုလ် ဦးအောင်သိန်း ကတော့ ဥပဒေ ရေးရာနဲ့ ပတ်သက်ပြီး ပြောဆို ဆွေးနွေး ခဲ့တယ်လို့ ပြော ပါတယ်။

အမေရိကန် လွှတ်တော်ကို ပြန်တင်ပြ ဖို့ရှိ

မစ္စတာ မစ်ချဲလ်ဟာ စက်တင်ဘာ ၉ ရက်က စပြီး မြန်မာ နိုင်ငံကို ရောက်နေ တာ ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ ရက်တွေ မှာလည်း နေပြည်တော်က အစိုးရ အရာရှိတွေ၊ လွှတ်တော် အမတ်တွေနဲ့ တွေ့ဆုံခဲ့ သလို အင်္ဂါနေ့ မှာလည်း ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ နိုင်ငံရေး ပါတီ တွေနဲ့ တွေ့ဆုံဖို့ ရှိ ပါတယ်။

မစ္စတာမစ်ချဲလ်က သူ့ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အမေရိကန် လွှတ်တော်မှာ ပြန်လည် တင်ပြဖို့ ရှိတယ်လို့ သူနဲ့ တွေ့ဆုံခဲ့ သူ တွေကို ပြောပါတယ်။