ပြည်သူနဲ့ အစိုးရ အတူသွားမှ ဒီမိုကရေစီ လမ်းပေါ်ရောက်နိုင်မယ်

U Soe Thein
Image caption အလေ့အကျင့်တွေ လိုပါသေးတယ်

ဘီဘီစီ မြန်မာပိုင်းဌာနရဲ့ သတင်းထောက် တဦးဟာ နှစ်ပေါင်းများစွာအတွင်းမှာ ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံအတွင်း ဝင်ရောက် သတင်းယူခွင့် ရခဲ့ပါတယ်။ အဲသလို ဝင်ရောက်ခွင့် ရခဲ့တဲ့ ဘီဘီစီ သတင်းထောက် ကိုချိုက ပြည်ထောင်စု အစိုးရဝန်ကြီး ဦးစိုးသိန်းကိုလည်း နေပြည်တော်မှာ တွေ့ဆုံ မေးမြန်းခွင့်ရခဲ့ပါတယ်။ မေးမြန်းခန်းထဲက တချို့ကို ကောက်နှုတ် ဖော်ပြလိုက်ပါတယ်။

ဘီဘီစီ။ ။ဗိုလ်ချုပ်ကြီးတွေ ဒီမိုကရေစီ စကား ပြောလာကြသလို တကယ်ပဲ အလုပ်နဲ့ လက်တွေ့ ညီပါ့မလား။ တကယ်တန်း အပြောနဲ့ အလုပ် ညီမညီကို ပြည်သူတွေအနေနဲ့ ဘယ်လို သိနိုင်မလဲ။

ဦးစိုးသိန်း။ ။ဒါတော့ လက်တွေ့ သူတို့ခံစားရတဲ့ အပေါ်မှာ ကြည့်ရမှာပေါ့။ ပြောတာလည်း ပြောရမှာပေါ့။ လုပ်တာလည်း လုပ်ရမှာပေါ့။ စောင့်ကြည့်တာကလည်း သူတို့ တာဝန်ပဲလေ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း အမြဲတန်း ပြန်သုံးသပ်ပါတယ်။ ကျွန်တော်တို့ လုပ်နေတဲ့ ကာလမှာ တကယ်တိုးတက်ရဲ့ လား။ ပြည်သူ့အကျိုးတကယ်ဖြစ်ရဲ့လားဆိုတာ။

ပြည်သူကရွေးထားတဲ့ အစိုးရဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ကာလမှာ ကျွန်တော် တို့က တိုင်းပြည်တိုးတက်အောင်မလုပ်နိုင်ရင် ကျွန်တော်တို့ကို သူတို့ နောက်တခါ ဘယ်မဲထည့်မလဲ။ ပြည်သူ့အကျိုး မလုပ်ဖူးဆိုရင် ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူက ပြန်ရုတ်သိမ်းလို့ ပြန်ဖြုတ်ချလို့ ရပါတယ်။ အဲဒီအခွင့်အရေး ပေးထားတာပဲ။

အရင်ကာလနဲ့ မတူပါဘူး။ ကျွန်တော်တို့ စစ်ဗိုလ်တွေဖြစ်တယ်ဆိုတာက လည်း စစ်ဗိုလ်လည်း နိုင်ငံသားပါပဲ။ ကျွန်တော်တို့လည်း တိုင်းပြည်ချစ်တာ ပါပဲ။ ခင်ဗျားတို့ မီဒီယာသမားလည်း တိုင်းပြည်ချစ်မှာပါပဲ။ လုံချည်ဝတ်လို့ ၊ ဘောင်းဘီဝတ်လို့ ဘာမှ မကွဲပြားပါဘူး။ တိုင်းပြည်အတွက် အကျိုးရှိဖို့ အဓိကပါပဲ။

ဘီဘီစီ။ ။အစိုးရဝန်ကြီးတွေ အစိုးရအရာရှိကြီးတွေအားလုံးက ခံယူထားတဲ့ မူဝါဒတွေ ပြင်ရမယ်။ ခရိုနီလို့ ခေါ်တဲ့ အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးသမားကြီးတွေက လည်း ပြင်ရမယ်။ နဂိုရ်လို အခွင့်အရေးတွေ အားလုံးကိုယ်ချည့် မယူပဲ ထိုက်သင့်တဲ့ ခွဲဝေမှုမျိုးရှိရမယ်။ တကယ်ကော အဲသလို လမ်းကြောင်းကို သွားနေပြီလို့ ဆိုနိုင်မလား။

ဦးစိုးသိန်း။ ။သွားရမှာပေါ့ဗျာ။ သွားနေပြီပေါ့။ ပြောင်းလဲ ဆောင်ရွက်ရမှာပေါ့။

ဘီဘီစီ။ ။တကယ်ရော အများအတွက် လုပ်ရမယ်ဆိုရင် ဖြစ်နိုင်ပါ့မလားခင်ဗျ။

ဦးစိုးသိန်း။ ။ဖြစ်နိုင်တာပေါ့။ ဒါဘာခက်လဲ။ ခင်ဗျားက ပြည်သူ့အတွက်ဆို။ ဖြစ်နိုင်တာပေါ့။

ဘီဘီစီ။ ။မနေ့က ရန်ကုန်မှာ ရွှေဝါရောင်နှစ်ပတ်လည် လေးနှစ်ပြည့် ဆန္ဒပြပွဲဆိုပြီး ဆန္ဒပြပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်ကလည်း ထိန်းထိန်းသိမ်းသိမ်း လုပ်သွားတာ တွေ့ရပါတယ်။ ဒီမိုကရေစီ ခေတ်မှာဆိုရင် ဒါမျိုးတွေက တွေ့လာရမှာပါပဲ။ ဝန်ကြီးတဦးအနေနဲ့ ဘယ်လိုမြင်ပါလဲ။

ဦးစိုးသိန်း။ ။ကျွန်တော်တို့ က အလေ့အကျင့် လိုသေးတာပေါ့ဗျာ။ ရွေးကောက်ခံထားရတဲ့ သူတွေ အပါအဝင် အစိုးရတာဝန်ယူထားတဲ့သူတွေကလည်း စဉ်းစားရမှာ ဖြစ်သလို ပြည်သူတွေဘက်ကလည်း စဉ်းစားပေးရမှာပေါ့။ နှစ်ဦးနှစ်ဘက်ပေါ့။ နှစ်ဦးနှစ်ဘက် သွားမှ ဒီမိုကရေစီ ရောက်မှာပေါ့။ ပြည်သူ့ဘက်ကပဲ ဆန္ဒလွန်နေပြီး ကျွန်တော်တို့က တင်းခံနေရင်လည်း ဒီမိုကရေစီ ဖြစ်စရာ အကြောင်းမရှိဘူး။ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို အတူတကွ သွားမှ ရောက်မှာပေါ့။

ဘီဘီစီ။ ။ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေနဲ့ ခြောက်လ တနှစ်အတွင်းမှာ ထင်သာ မြင်သာတဲ့ ရလဒ်တခုခုပေါ်အောင် ဘာတွေလုပ်သွားမလဲ။

ဦးစိုးသိန်း။ ။ကျွန်တော်တို့ကတော့ ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ ဖိတ်ခေါ်ပါတယ်။ ဖိတ်ခေါ်တဲ့ နေရာမှာ တိုင်းရင်းသားအရင်းအနှီး မထိခိုက်မယ့် လုပ်ငန်းတွေ၊ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာ မထိခိုက်မယ့် လုပ်ငန်းတွေ၊ အချုပ်အချာအာဏာ မထိခိုက်မယ့် လုပ်ငန်းတွေ ကို အမြန်ဆောင်ရွက်ပေးပါ့မယ်။ ဆေးဝါးထုတ်လုပ်မှု၊ မော်တော်ကားထုတ်လုပ်မှု၊ အထည်ချုပ်လုပ်ငန်းတွေ အားပေးမယ်။ မဖွံ့ဖြိုးသေးတဲ့ ဒေသတွေဖြစ်တဲ့ ဖားအံလိုနေရာ၊ မြဝတီလိုနေရာ၊ ဘုရားသုံးဆူလိုနေရာ၊ စစ်တွေလို နေရာ၊ ရှမ်းပြည်ထဲက တချို့နေရာတွေမှာ စက်မှုဇုံတွေ တိုးချဲ့ ဖွင့်လှစ်ပေးမယ်။ ပြည်ပမှာ သွားပြီး အလုပ်လုပ်နေတဲ့ သူတွေကို ပြန်ခေါ်မယ်။

ဘီဘီစီ။ ။နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို တခြားဒေသတွင်းနိုင်ငံတွေနဲ့ အပြိုင်အဆိုင် ယှဉ်ပြိုင်ဖိတ်ခေါ်နိုင်အောင် ဘယ်လို မက်လုံးမျိုးတွေများ ပေးသွားမလဲ။

ဦးစိုးသိန်း။ ။မက်လုံးအတွက်ကတော့ လိုအပ်တဲ့ ၊ အားနည်းနေတဲ့ ဥပဒေတွေကို ပြင်ဆင်ပေးသွားမယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေ၊ ငွေရေး ကြေးရေး ဆိုင်ရာ ဥပဒေတွေကို ကျွန်တော်တို့ ပြင်ဆင်နေတယ်။ ပြင်လည်း ပြင်ပြီးနေပြီ။ မရှေးမနှောင်းမှာ အတည်ပြုမယ်။