အန်အယ်လ်ဒီ ရှေ့ဆက် ဘယ်လို ရပ်တည် မလဲ

ရန်ကုန်မြို့က အန်အယ်လ်ဒီ ရုံးချုပ်မှာ ပြုလုပ်ခဲ့တဲ့ အန်အယ်လ်ဒီ ထူထောင်တဲ့ ၂၃ နှစ်မြောက် အခမ်း အနားမှာ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် အန်အယ်လ်ဒီ ခေါင်းဆောင်တွေ မိန့်ခွန်း ပြောခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ပျော့ပျော့ ပြောင်းပြောင်း လုပ်ဆောင် သွားမယ်လို့ ဒေါ်အောင်ဆန်း စုကြည် ပြော

အဲဒီ အခမ်း အနားမှာ အန်အယ်လ်ဒီက လက်ရှိနိုင်ငံရေး အခြေအနေ အပေါ်မှာ အပြောင်းအလဲ လုပ်ဆောင်ဖို့ လိုနေပြီ လို့ ထပ်မံ ပြောခဲ့တာ တွေ့ရပါတယ်။

အစိုးရကို ပြတ်ပြတ် သားသား ဝေဖန် ပြောဆိုလေ့ ရှိတဲ့ ဦးဝင်းတင် ကလည်း လက်ရှိအခြေအနေ အပေါ် လက်ခံ ဆောင်ရွက်ဖို့ အချိန် ရောက်နေပြီလို့ ပြောပါတယ်။

အခု လက်ရှိ အခြေ အနေဟာ ပြီးခဲ့တဲ့ ၁၉၈၈ ခုနှစ်နဲ့ မတူတော့ သလို ၂၀၁၀ နဲ့လည်း မတူတော့တဲ့ အတွက် ဒီလို နိုင်ငံရေး အခြေ အနေသစ်မှာ လိုက်လျော ညီထွေ လုပ်ဆောင်ပြီး အခြေ အနေ ပြောင်းသလို စိတ်ဓါတ် တွေလည်း ပြောင်းလဲကြဖို့ လိုပြီလို့ ဦးဝင်းတင်က ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ကလည်း အများ ပြည်သူတွေ အကျိုး အတွက် ဆိုရင် အနစ်နာ ခံတယ်လို့ မယူဆဘဲ ပေးဆပ်တယ်လို့ သတ်မှတ်ရမယ်၊ ဒါကြောင့် အပြောင်း အလဲ လုပ်ဖို့ တွေ့ဆုံ ဆွေးနွေးရေး အခြေခံမူ အတိုင်း လုပ်ဆောင် သွားမယ်လို့ သူ့ရဲ့ မိန့်ခွန်းမှာ ပြောသွား ပါတယ်။

အန်အယ်လ်ဒီဟာ ကနဦး ကတည်းက တွေ့ဆုံ ဆွေးနွေးရေးနဲ့ အဖြေရှာပြီး အကြမ်း မဖက်လမ်းစဉ်ကို သွားဖို့ ဆုံးဖြတ် ခဲ့တာ ဖြစ်တယ်၊ အဲဒီ မူတွေ အပေါ် ရပ်တည်ပြီး ပြောင်းသာ ပြင်သာ အနေ အထားမှာ အမြဲ နေသွား မယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

ဒီမိုကရေစီ ရရှိရေး အတွက် အန်အယ်လ်ဒီရဲ့ မူတွေ အပေါ် ရပ်တည်ပြီး ပျော့ပျော့ ပြောင်းပြောင်း လုပ်ဆောင် သွားမယ်လို့လည်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

အန်အယ်လ်ဒီက အနတ်ဂတ်မှာ ဘယ်လို ရပ်တည် လုပ်ဆောင်သွားမယ် ဆိုတာ တိတိ ကျကျ ပြောတာ တော့ မရှိသေးပါဘူး။

ဒါပေမဲ့ အန်အယ်လ်ဒီ နှစ်ပတ်လည်နေ့ ခေါင်းဆောင်တွေရဲ့ မိန့်ခွန်း အရရော၊ စောစောပိုင်းက ပြောတဲ့ စကားတွေ ကိုပါ ကြည့်မယ် ဆိုရင် ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံ ဆွေးနွေးမှု တွေကနေ နိုင်ငံရေး အရ ရလဒ်ကောင်း တစ်ခုကို ဦးတည် သွားနေတယ်လို့ ယုံကြည် ထားပုံ ရပါတယ်။

အန်အယ်လ်ဒီ အနေနဲ့ အတိတ်က ဆုံးဖြတ်ချက် တချို့ကို ပြန်လည် သုံးသပ်ပြီး လက်ရှိ အစိုးရနဲ့ လက်တွဲ ဆောင်ရွက် သွားဖို့ အဆင်သင့် ဖြစ်နေတဲ့ လက္ခဏာ တွေကိုတော့ တွေ့မြင် နေရပြီ ဖြစ်ပါတယ်။