မှတ်ပုံတင် လုပ်ဖို့ ငွေတောင်းရင် တိုင်နိုင်

မြန်မာ နိုင်ငံသားတွေ မှတ်ပုံတင် ရဖို့ ငွေပေးပြီး လာဘ်ထိုး ရတယ်ဆိုတဲ့ ကိစ္စတွေကို တိုင်တန်း လာရင် အရေးယူ သွားမယ်လို့ မြန်မာ အစိုးရက ပြောပါတယ်။

Image caption လဘ်ပေး လဘ်ယူ တွေကို စိစစ်နေ တယ်လို့ ဝန်ကြီး ပြော

လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီက အကျင့်ပျက် လာဘ်စားမှုတွေကို စိစစ် နေပြီး လိုအပ်သလို အရေးယူ သွားမယ်လို့ ကိုယ်တိုင် တွေ့ဆုံ မေးမြန်း ခဲ့တဲ့ ဘီဘီစီ သတင်းထောက် ကိုချိုကို ပြောခဲ့ ပါတယ်။

နိုင်ငံသား မှတ်ပုံတင် တစ်ခု စတင် လျှောက် ထားပြီး လက်ဝယ် ရရှိဖို့ အလွန်ဆုံး ၂၈ ရက် ကြာမှာ ဖြစ်ပြီး ကုန်ကျ စရိတ်ကို တော့ လူဝင်မှု ကြီးကြပ်ရေး ဌာနက မြန်မာ ငွေ ၆ ကျပ် သတ်မှတ် ထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ တကယ် လက်တွေ့ သွားလုပ်တဲ့ အခါ သောင်းနဲ့ ချီပြီး ကုန်ကျတယ်လို့ ဘီဘီစီက စကား ပြောခွင့် ရသူတွေက ပြန်ပြော ပြကြ ပါတယ်။

ဝန်ကြီး ဦးခင်ရီကတော့ အဲဒီ ကုန်ကျ စရိတ် ဆိုတာဟာ မှတ်ပုံတင် သွားလုပ်သူ တွေက သူတို့ သွားရလာရတဲ့ ခရီး စရိတ် စားစရိတ်၊ လိုအပ်တဲ့ စာရွက် စာတမ်းတွေရဖို့ ပေးရတဲ့ ကုန်ကျ စရိတ်၊ ဓါတ်ပုံ စတာ တွေ အတွက် ပေးရတာ အားလုံး ပေါင်းပြီး ပြောတာ ဖြစ်ပြီး လူဝင်မှု ကြီးကြပ်ရေးကို ပေးရတဲ့ ငွေ မဟုတ်ဘူးလို့ အခိုင်အမာ ပြောပါတယ်။

ဇူလိုင်လ ၁ ရက်နေ့က စတင်ပြီး မှတ်ပုံတင် အသစ် တွေကို ထုတ်ပေးခဲ့တာ အခု သုံး လ အတွင်း ၁၀ သိန်းကျော် ထုတ်ပေးပြီး ဖြစ်တယ် လို့လည်း သူက ပြောပါတယ်။

သမ္မတရဲ့ မိန့်ခွန်းပါ ဖိတ်ခေါ်ချက် အရ ပြည်ပ ကနေ ပြန်လာချင်ကြ သူတွေ နဲ့ ပတ်သက်လို့တော့ လူဝင်မှု ကြီးကြပ်ရေး ဌာန အနေနဲ့ နိုင်ငံသား ဟုတ်မဟုတ် စစ်ဆေးဖို့ ညွှန်ကြားလာတာ ရှိရင် စစ်ဆေး ပေးတာက လွဲလို့ သူတို့ကို ပြန်လာဖို့ မလာဖို့ တစုံတရာ ပြောစရာ အကြောင်း မရှိဘူးလို့လည်း ဦးခင်ရီက ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ ဘယ်တော့ လွှတ်ပေး နိုင်ဖွယ် ရှိလဲ၊ ဒေါ်အောင်ဆန်း စုကြည်ရဲ့ အနာဂါတ် နိုင်ငံရေး အခန်း ကဏ္ဍ စတာတွေနဲ့ ပတ်သက်ပြီး ဘီဘီစီက မေးတဲ့ အခါ မှာ တော့ ဦးခင်ရီက တစုံတရာ မှတ်ချက်ပေး ပြောဆိုခြင်း မရှိခဲ့ပါဘူး။