လွတ်လပ်စွာ ပြောဆို ဟောပြောခွင့် ဥပဒေ အတည်ပြု

Image caption လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ဒီဥပဒေကို အများက တောင့်တနေကြ

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဥပဒေ မူကြမ်းကို ပြည်သူ့လွှတ်တော်မှာ အတည်ပြု လိုက်ပြီ ဖြစ်ပါတယ်။

ဒီဥပဒေမူကြမ်းကို ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက တင်သွင်း ခဲ့တာ ဖြစ်ပါ တယ်။

အများနဲ့ သက်ဆိုင်တဲ့ နေရာမှာ တစ်ဦးထက် ပိုပြီး မိမိ သဘော ဆန္ဒကို စည်းကမ်းချက်နဲ့ အညီ လက်နက်မပါ စုရုံးခြင်း၊ စီတန်း လှည့်လည်ခြင်း ဆိုပြီး ဒီဥပဒေကို အဓိပ္ပါယ် ဖွင့်ဆိုထားပါတယ်။

ဆန္ဒပြဖို့အတွက် ခွင့်ပြုချက်ကို မြို့နယ် ရဲစခန်းမှာ ၇ရက် ကြိုတင် အကြောင်းကြားရမှာ ဖြစ်ပြီး ခွင့်ပြုမယ်၊ မပြုဘူးဆိုတာကို ၄၈နာရီ ကြိုတင် အကြောင်းပြန်မှာ ဖြစ်ပါတယ်။

ခွင့်ပြုချက် လျှောက်ရာမှာ ဟောပြောမဲ့ အကြောင်းအရာ၊ ရည်ရွယ်ချက်၊ သွားမဲ့ လမ်း ကြောင်း၊ နေ့ရက်အချိန်၊ ဦးဆောင် ဟောပြောမဲ့ ပုဂ္ဂိုလ်ရဲ့ ကိုယ်ရေး အချက်အလက်၊ ဟောပြောပွဲ လာမဲ့ ခန့်မှန်းခြေ လူအရေအတွက်တွေကို တင်ပြရမှာ ဖြစ်ပြီး စည်းကမ်း ချက်တွေကို လိုက်နာပါ့မယ် ဆိုတဲ့ ခံဝန်ချက်တွေကို လက်မှတ်ရေးထိုးဖို့ လိုကြောင်း အဲဒီ ဥပဒေပါ စည်းကမ်းချက်တွေနဲ့ ပတ်သက်လို့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ ပြည်သူ့လွှတ်တော် အမတ် ဦးမောင်မောင်ဉာဏ်က ဘီဘီစီကို ရှင်းပြခဲ့ပါတယ်။

ဆန္ဒပြပွဲ လုံခြုံရေးကိုတော့ ရဲတပ်ဖွဲ့က တာဝန်ယူပေးရမှာ ဖြစ်ပါတယ်။

ဆန္ဒပြရာမှာ စည်းကမ်းချက်တွေကို ဖေါက်ဖျက် ဆန္ဒပြတာမျိုးတွေ ရှိမယ် ဆိုရင်တော့ သက်ဆိုင်ရာက ခွင့်ပြုချက်ကို ပြန်ရုတ်သိမ်းနိုင်ပါတယ်။

ပြစ်ဒဏ် အပိုင်းတွေကတော့ ခွင့်ပြုချက်နဲ့ ဆန္ဒပြနေသူတွေကို တနည်းနည်းနဲ့ အနှောင့် အယှက် ပေးတဲ့သူ ဆိုရင် ထောင်ဒဏ် ၂နှစ်ထက် မကျော်တဲ့ ပြစ်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ် နိုင်ပါတယ်။

တခါ ခွင့်ပြုချက် ရပြီး ဖြစ်ပေမဲ့လည်း သတ်မှတ်ချက် စည်းမျဉ်း စည်းကမ်း ဖေါက်ဖျက်ပြီး ဆန္ဒပြသူတွေအနေနဲ့ ထောင်ဒဏ် ၆လထက် မကျော်တဲ့ ပြစ်ဒဏ်နဲ့ ဒဏ်ငွေတွေကို ချမှတ် နိုင်ပါတယ်။