အလုပ်သမား အဖွဲ့ အစည်း ဥပဒေ ကို ကြိုဆို

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ပြဌာန်း လိုက်တဲ့ မြန်မာ နိုင်ငံ အလုပ်သမား အဖွဲ့ အစည်း ဥပဒေကို အိုင်အယ်လ်အို ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်က ကြိုဆိုလိုက် ပါတယ်။

ဒါပေမဲ့ အသေးစိတ် အချက်အလက်တွေနဲ့ ပတ်သက်လို့တော့ လေ့လာ နေတုန်းပဲလို့ ဆို ပါတယ်။

ဓာတ်ပုံ မူပိုင် Kyay Mon
Image caption အလုပ်သမား အဖွဲ့ အစည်း ဥပဒေကို ဦးသိန်းစိန် လက်မှတ် ရေးထိုး ပြဌာန်း

၁၉၆၀ ပြည့်လွန် နှစ်များ နောက်ပိုင်းမှာ အလုပ် သမားတွေ သပိတ် မှောက်တာကို ပထမဆုံး အကြိမ် ခွင့်ပြု လိုက်တဲ့ သဘော သက်ရောက်တဲ့ ဥပဒေကို သမ္မတ ဦးသိန်းစိန်က လက်မှတ် ရေးထိုး ထုတ်ပြန် ခဲ့တာ ဖြစ်ပါတယ်။

ဒီဥပဒေကြောင့် တရားဝင် အလုပ်သမား အသင်း အဖွဲ့တွေ တရားဝင် ဖွဲ့စည်းခွင့် ရတော့မှာ ဖြစ်တဲ့ အပြင် ပြည်တွင်းမှာသာ မက နိုင်ငံတကာက အလုပ်သမား အဖွဲ့ အစည်းတွေနဲ့ ချိတ်ဆက်ပြီး အလုပ်သမားတွေရဲ့ အကျိုးကို ဆောင်ရွက် ပေးနိုင်ကြမှာ ဖြစ်ပါတယ်။

ဒီဥပဒေ ထွက်လာဖို့ကို နည်းစနစ် ပိုင်းနဲ့ အကြံ ပြုချက်တွေ ပေးခဲ့တဲ့ နိုင်ငံ တကာ အလုပ် သမား အဖွဲ့ချုပ် (ILO) ရဲ့ ရန်ကုန်ရုံးက အရာရှိ မစ္စတာ စတိဗ် မာရှယ် ကတော့ အလုပ်သမားထု အတွက် တရားဝင် အဖွဲ့ အစည်းတွေ ဖွဲ့ပြီး ဥပဒေအရ တောင်းဆို ဆောင်ရွက်ခွင့် ရှိလာတဲ့ ကိစ္စဟာ တကယ့်ကို အပေါင်း လက္ခဏာ ဆောင်တဲ့ကိစ္စ လို့ ပြော ပါတယ်။

လေ့လာ စောင့်ကြည့်သူ အများက ဒီဥပဒေကို ကြိုဆို တယ်လို့ ပြောကြ ပေမဲ့ အလုပ်သမား အခွင့် အရေး လှုပ်ရှားသူ အတော် များများ က အကျဉ်းထောင်တွေ ထဲမှာ ရှိနေကြ တုန်းမို့ အလုပ် သမားအဖွဲ့တွေ ဖွဲ့စည်းခွင့် ဥပဒေကို ဘယ်လောက် လက်တွေ့ ကျင့်သုံးနိုင်မယ် ဆိုတာ စောင့်ကြည့်ဖို့ လိုတယ်လို့ ပြောကြ ပါတယ်။