မှတ်ပုံတင်တာ နဲ့ ရွေးကောက်ပွဲ ဝင်တာ ခွဲသင့် လို့ဆို

U Win Tin
Image caption ရွေးကောက်ပွဲ ဥပဒေပြင် တာကို အန်အယ်ဒီ ပါတီဝင် တွေ လက်ခံနိုင်တယ်လို့ ဦးဝင်းတင် ကပြော

ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေကို ပြင်ဆင်ချက် တချို့ လုပ်ဖို့ အတွက် ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသား လွှတ်တော်မှာ တင်သွင်း ခဲ့တာနဲ့ ပတ်သက်ပြီး အန်အယ်ဒီပါတီ ဗဟို ကော်မီတီဝင် ဦးဝင်းတင်က ကြိုဆို ခဲ့ပေမယ့် ဖွဲ့စည်းပုံ ဥပဒေကို တော့ လက်မခံနိုင်ဘူး လို့ ထပ်ပြီး ပြောခဲ့ပါတယ်။

ပြစ်ဒဏ် ကျခံနေရသူတွေ ရွေးကောက်ပွဲဝင် နိုင်ဖို့ ပိတ်ပင်ထားတာ ကို ပြင်ဖို့နဲ့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက် ရမယ်ဆိုတဲ့ အသုံးအနှုန်းအစား လေးစား လိုက်နာရမယ် ဆိုတဲ့ စကားရပ်နဲ့ အစားထိုးဖို့ လွှတ်တော်ကို တင်သွင်း ခဲ့တာ ဖြစ်ပါတယ်။

ဦးဝင်းတင်က ဒီပြောင်းလဲ မှုတွေနဲ့ ပတ်သက်ပြီး အန်အယ်ဒီပါတီ ထဲမှာ အတော် ဆွေးနွေး စရာတွေ ဖြစ်လာနိုင်ပေမယ့် နောက်ဆုံးမှာ သဘောတူ လက်ခံကြ နိုင် တယ်လို့ သုံးသပ်ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်နဲ့ အစိုးရတို့ကြား တွေ့ဆုံ ဆွေးနွေးမှု တွေစပြီးတဲ့နောက်ပိုင်း အခုလို ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင် ဖို့ ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

ဒါပေမယ့် ပါတီ ကို တရားဝင် မှတ်ပုံတင်တာနဲ့ ရွေးကောက်ပွဲ ဝင်တာကို သီးခြားခွဲပြီး စဉ်စားသင့်တယ်လို့ ဦးဝင်းတင်က သူ့ရဲ့ကိုယ်ပိုင် အယူအဆကို ပြောခဲ့ပါတယ်။