မြန်မာ့စီးပွားရေး တကယ့်အပြောင်းအလဲ ဖြစ်နေပြီလား

ဓာတ်ပုံ မူပိုင် AP
Image caption နိုင်ငံခြားငွေလဲနှုန်း သတ်မှတ်ရာမှာ နားလည်း တတ်ကျွမ်းဖို့ လို့တယ် (ဦးမော်သန်း)

မြန်မာ အစိုးရသစ်ဟာ ပွင့်လင်းမှုရှိပြီး၊ ပြည်တွင်း ပြည်ပ စီးပွားရေးကျွမ်းကျင်သူ ပုဂ္ဂိုလ် တွေရဲ့ အကြံပြုချက်ကို လက်ခံပြီး ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေတာတာမျိုး တွေ့ရတဲ့ အတွက် ဒါဟာ တိုးတက်တဲ့ လက္ခဏာလို့ မြင်ကြောင်း စီးပွားရေး တက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်းက ပြောပါတယ်။

အခု လောလောဆယ် ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်း ရွှေ့ဆိုင်းလိုက်တဲ့ ကိစ္စကို အကြိုက်ဆုံးနဲ့ အားအရဆုံး ဖြစ်ကြောင်း ဦးမော်သန်း က ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲ ရှိမှ စီးပွားရေးအရ ပြောင်းလဲနိုင်မယ်ဆိုတဲ့ ယူဆ ချက်တွေလည်း ရှိနေပါတယ်။

အဲဒီ အပေါ်မှာတော့ ဦးမော်သန်းက နိုင်ငံရေးနဲ့ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကို အစိုးရက မှတ်ပုံတင်ခိုင်းတယ်- အဲဒီနောက် NLD က ရွေးကောက်ပွဲဝင်မယ်ဆိုရင် ဒါကို ကြိုဆိုလျက် ရှိပါတယ်လို့ အစိုးရက ပြောတယ်၊ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံကို ဖေါ်ထုတ်ခွင့် ပေးလိုက်တာဟာ အကောင်းဆုံး လုပ်ဆောင်ချက်တွေ ဖြစ်ကြောင်း ပြောပါတယ်။

ဒီမိုကရေစီ နိုင်ငံကြီးတွေရဲ့ အတိုင်းအတာကို မမီသေးရင်တောင်မှ လွှတ်တော်အစည်းအဝေး လုပ်တယ် - လွှတ်တော်ထဲမှာ ကိုယ်စားလှယ်တွေ မေးတာတွေ တင်ပြ ဆွေးနွေးချက် တွေကို ပြန်လည်တုံ့ပြန် လုပ်ဆောင်နေတာဟာ အကောင်းလက္ခဏာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ်လို့ တောင်းဆိုသမျှတွေကို အလိုလိုက်ပြီး ခွင့်ပြုတာထက်၊ နားလည်း ကျွမ်းကျင်မှု တော့ လိုအပ်ကြောင်း ဦးမော်သန်းက ပြောပါတယ်။

နိုင်ငံခြားငွေ လဲလှယ်နှုန်း ကိစ္စမှာဆိုရင် ၁ ဒေါ်လာကို ၈၀၀/၉၀၀ ကျပ် ဖြစ်မှ အလုပ်ဖြစ်မယ် ဆိုတဲ့ စီးပွားရေးလောကရဲ့ ပြောဆိုချက်တွေဟာ ပြင်ပ တင်ပို့ကုန် အတွက်သာ စဉ်းစား သလို ဖြစ်ပြီး တကယ်က ပို့ကုန်ရော တင်သွင်းကုန်တွေ အပေါ်မှာပါ စဉ်းစားသင့်ကြောင်း ဦးမော်သန်းက ပြောပြီး ငွေလဲနှုန်း သတ်မှတ်တဲ့ နေရာမှာ - ကိုယ့်နိုင်ငံရဲ့ ပို့ကုန်၊ သွင်းကုန်၊ ငွေဖောင်းပွမှုနဲ့ အတိုးနှုန်းတွေ အပေါ် သုံးသပ်ပြီး တကယ့်ဖြစ်သင့်တဲ့ ငွေလဲနှုန်းထက် မကွာစေဘဲ သတ်မှတ်သင့်ကြောင်း ဒါမှသာ ငွေတန်ဖိုး တည်ငြိမ်အောင် ကြာရှည် ထိန်းထားနိုင်မှာ ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။