Generation Wave ဒီမိုကရေစီ လှုပ်ရှားမှု ၄နှစ်ပြည့်

Image caption ဆန္ဒ သဘောထားတွေကို နံရံဆေး ပန်းချီတွေနဲ့ Generation Waveအဖွဲ့က ထုတ်ဖေါ် ပြသ

မြန်မာနိုင်ငံမှာ နိုင်ငံ့အရေး၊ လူငယ့်အရေး တွေကို ပေါ်ပေါ်ထင်ထင် ဆောင်ရွက်သွား မယ်လို့ Generation Wave မျိုးဆက်သစ် လူငယ်များ အဖွဲ့က ထုတ်ဖေါ် ပြောဆို လိုက်ပါတယ်။

၂၀၀၇ခုနှစ် သံဃာ့လှုပ်ရှားမှု အပြီး အောက်တိုဘာလ ၉ရက်နေ့မှာ စတင် တည်ထောင်ခဲ့တဲ့ Generation Wave အဖွဲ့ရဲ့ ၄နှစ်မြောက် အထိမ်းအမှတ် ဆွမ်းကပ်လှူပွဲကို ရန်ကုန်မြို့ စမ်းချောင်းရပ် သီရိ မင်္ဂလာ ကျောင်းတိုက်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

Generation Wave အဖွဲ့အနေနဲ့ ဒီမိုကရေစီရေးတွေနဲ့ ပတ်သက်လို့ မိမိတို့ရဲ့ သဘောထား တွေကို ဂီတ၊ သီချင်း၊ကဗျာတွေ၊ နံရံဆေး ပန်းချီတွေနဲ့ လွတ်လွတ်လပ်လပ် ဖေါ်ထုတ်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပြီး မူဝါဒ ပေါ်လစီပိုင်းတွေကိုတော့ လူကြီးတွေနဲ့ လက်တွဲ ဖေါ်ဆောင် သွားမယ်လို့ အဖွဲ့ စတင် တည်ထောင်ခဲ့သူတွေထဲက တဦး ဖြစ်တဲ့ Hip Hop အဆိုတော် ကိုဇေယျာသော်က ဘီဘီစီကို ပြောပါတယ်။

အဖွဲ့ စတင် တည်ထောင်ခဲ့သူ တချို့နဲ့ အဖွဲ့ဝင် တချို့ အကျဉ်းကျနေ၊ ပြည်ပ ရောက်နေကြ ပေမဲ့ Generation Wave အဖွဲ့ ကတော့ ဆက်လက် ရပ်တည် လှုပ်ရှားသွားမှာ ဖြစ်ကြောင်း၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူဆိုတာ မရှိသင့်တော့တာမို့ အကျဉ်းကျနေသူတွေ လွတ်မြောက်အောင် Generation Wave အဖွဲ့က အစဉ်တစိုက် ဆောင်ရွက်နေသလို ပြည်ပမှာ ရှိနေသူတွေကလည်း အတူ လက်တွဲ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အရင် အခြေအနေတုန်းက အမြင်မတူတဲ့ သဘောထားတွေကို ရပ်တည်ခွင့် မပေးခဲ့တဲ့ အတွက် အမှန်တရား လုပ်ရပ်တွေကို ပုန်းလျှိုး၊ ကွယ်လျှိုး လုပ်ခဲ့ရကြောင်း၊ အခု တက်လာတဲ့ အစိုးရသစ်အနေနဲ့ အမြင်မတူတာတွေကို လက်ခံ စဉ်းစားပေးမယ်လို့ ယူဆရတာကြောင့် အခုအခါ Generation Wave အဖွဲ့ကို ပေါ်ပေါ်ထင်ထင် ရပ်တည်ဖို့ ဆုံးဖြတ်ထားတယ်လို့ ကိုဇေယျာသော်က ပြောပါတယ်။

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် လက်ရှိ အခြေအနေမှာ တိုင်းပြည် တိုးတက် ဖွံ့ဖြိုးဖို့ ညှိနှိုင်း ဆောင်ရွက်တဲ့ လမ်းကြောင်းနဲ့ လျှောက်လှမ်း နေကြောင်း၊ သူတို့အနေနဲ့လည်း တတ်နိုင်တဲ့ ကဏ္ဍကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဝိုင်းရံဆောင်ရွက်သွားဖို့ လိုတာမို့ ပေါ်ပေါ်ထင်ထင် ရပ်တည် လှုပ်ရှားသင့်တယ် လို့ ထင်မြင်ယူဆကြောင်း ကိုဇေယျာသော်က ဘီဘီစီကို ပြောပါတယ်။