လွတ်ငြိမ်းချမ်းသာခွင့် နိုင်ငံရေး အကျဉ်းသား ပါမပါ မရှင်းလင်း

Insein Jail ဓာတ်ပုံ မူပိုင် bbc
Image caption အင်းစိန်ထောင် ရှေ့ မြင်ကွင်း

နိုင်ငံရေး အကျဉ်းသား ၆၃၅၉ ယောက်ကို သီတင်းကျွတ်လပြည့်နေ့မှာ လွှတ်ပေးမယ်လို့ သမ္မတ ဦးသိန်းစိန်က ကြေညာလိုက်ပါတယ်။

ကြေညာချက်မှာ အမည်စာရင်းနဲ့တကွ ကြေညာတယ်လို့ ဆိုပေမဲ့၊ အဲဒီ အမည်စာရင်းကို အများပြည်သူ သိရှိခွင့် မရ သေးပါဘူး။

လွှတ်ပေးမယ့် အထဲမှာ နိုင်ငံရေး အကျဉ်းသား ပါမပါ ဆိုတာကိုလည်း တိတိကျကျ မသိရပါဘူး။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟို ကော်မတီဝင် ဦးဉာဏ်ဝင်းကတော့ အရင်ကလွှတ်ပေးခဲ့တဲ့ အတွေ့အကြုံတွေအရ ဆိုရင် နိုင်ငံရေး အကျဉ်းသား ဆယ်ဂဏန်း သာ ပါမယ်လို့ ယူဆစရာ ဖြစ်ကြောင်း ပြောပါတယ်။

အေအေပီပီ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ရဲ့ တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည်ကတော့ စာရိတ္တကောင်းမွန်သူတွေကို လွှတ်ပေးမယ်ဆိုတဲ့ အသုံးအနှုန်းကို ကန့်ကွက်တယ်လို့ ဆိုပါတယ်။ ဒီလို အသုံးအနှုန်းတွေကို ကြည့်ခြင်းအားဖြင့် အစိုးရရဲ့ သဘောထားဟာ အရင် အစိုးရရဲ့ သဘောထားနဲ့ ကွာခြားမှု မရှိသေးဘူးလို့ ယူဆစရာဖြစ်ကြောင်းလည်း ပြောဆိုပါတယ်။

အာဆီယံ အဖွဲ့ဝင် အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီး မာတီ နာတာလီဂါဝါ ကတော့ ဒါဟာ အပြုသဘော အပြောင်းအလဲ တခုဖြစ်ပြီး၊ ဆက်လက် ပြောင်းလဲ နေဖို့ လိုတယ်လို့လည်း ဆိုပါတယ်။ မြန်မာ အာဆီယံ ဥက္ကဌ ဖြစ်မဖြစ် အသေအချာ မပြောနိုင်သေးပေမဲ့ ဖြစ်နိုင်တဲ့ အလားအလာဆီ ဦးတည်နေပြီလို့ ဆိုပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကတော့ နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်လာကြဖို့ကို မျှော်လင့် တယ်လို့ ဆိုပါတယ်။