နောက်ဆုံး ရေးသားချိန် 12 အောက်တိုဘာလ 2011 - 05:46 GMT

ဇာဂနာ အစိုးရကို စ သရော်

မြစ်ကြီးနား အကျဉ်းထောင်က ဒီကနေ့ မနက် ၈ နာရီခွဲက လေးကြိမ် မြောက် အကျဉ်းကျရာကနေ ပြန်လွတ်မြောက်လာတဲ့ ကမ္ဘာကျော် မြန်မာ့ လူရွှင်တော် ဇာဂနာက အစိုးရကို စတင် ဝေဖန် ပြောကြား လိုက်ပါတယ်။

zaganar

ဇာဂနာက အပြင်ရောက်တာနဲ့ အစိုးရကို ချက်ချင်း သရော်ပါတယ်။

နိုင်ငံတော် သမ္မတက အမျိုးသား ပြန်လည် သင့်မြတ်ရေးကို တကယ် သွားတယ်ဆိုရင် အခု ပုံစံထက် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေး သင့်တယ်လို့ အကျဉ်းထောင်က ထွက်ထွက်ခြင်း ဘီဘီစီနဲ့ သီးသန့် မေးမြန်းခန်းမှာ ပြောသွားတာ ဖြစ်ပါတယ်။

အခု ပုံစံက နိုင်ငံကျော် ရော့ခ် အဆိုတော် လေးဖြူကို ကလေးသီချင်း ဖြစ်တဲ့ ရောင်စုံ ဘောလုံး သီချင်းကို ဆိုခိုင်းသလို လေဖြတ်နေတဲ့ သက်ကြီး အမျိုးသမီးကို မိတ်ကပ်လိမ်းပြီး အရပ်ထဲ လွှတ်သလို ဖြစ်နေတယ်လို့ ဥပမာ ဥပမေယျတွေနဲ့ ထိထိ ရောက်ရောက် ဝေဖန် ပြောကြား ပါတယ်။

သူ့အနေနဲ့ သမ္မတကို ပြောခွင့်ရမယ် ဆိုရင်တော့ သူတို့တွေဟာ သမ္မတ ဦးဆောင်တဲ့ အစိုးရသစ် လက်ထက်မှာ အဖမ်းခံထားရတဲ့ သူတွေ မဟုတ်တဲ့ အကြောင်း၊ နိုင်ငံရေး အကျဉ်းသား ဆိုတဲ့ စကားလုံးကိုလည်း ကလေးဆန်ဆန် အငြင်းပွား နေတဲ့ သူတွေ မဟုတ် ကြောင်း ပြောလိုပြီး အခုတော့ သူ လွတ်လာပေမယ့် သူငယ်ချင်းတွေ ထောင်ထဲမှာ ရှိနေဆဲ ဖြစ်လို့ စိတ်မကောင်းကြောင်း ပြောပါတယ်။

လွတ်လပ်ခွင့်တွေ ပိုရတော့မလား၊ ပြောရေးဆိုခွင့်တွေ သာလာနိုင်မလားလို့ ဘီဘီစီက မေးတာကိုတော့ ပြောခွင့်ရနေတယ်လို့တော့ သူကြားတဲ့အကြောင်း၊ သတင်းစာတွေထဲမှာလည်း စတုတ္ထ မဏ္ဍိုင် ဆိုတဲ့ စကားလုံးကို လှိုင်လှိုင်သုံးထားကြောင်း၊ ဒါပေမဲ့ စတုတ္ထ မဏ္ဍိုင်က ဘယ်သူများလဲလို့ သေချာ စေ့ငုလိုက်တော့ ပြန်ကြားရေးဝန်ကြီး ဖြစ်နေတာ တွေ့ရတယ်လို့ ကမ္ဘာကျော် မြန်မာ့ လူရွှင်တော်ကြီးက အကျဉ်းထောင်က ထွက်ထွက်ခြင်း အစိုးရကို သရော်ခဲ့ပါတယ်။

ဒီကနေ့ သူတို့ကို လွှတ်တာဟာ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် သက်သက်ကြောင့် မဟုတ်ဘဲ နိုင်ငံရေးမှုနဲ့ ပြန်ဖမ်းဆီး ထောင်ချလို့ ရတဲ့ ၄၀၁ ကိုလည်း အကြောင်းပြချက်နဲ့ ထည့်ထားတာကို လွှတ်ဝရမ်းထဲ တွေ့ရတယ်လို့ ဇာဂနာက ဘီဘီစီကို ပြောပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။