မြစ်ဆုံစီမံကိန်း ရပ်မရပ် မသေချာလို့ ဆို

Kachin ဓာတ်ပုံ မူပိုင် AP
Image caption မေခ မလိခ ပေါင်းဆုံရာ မြစ်ဆုံ

ကချင်ပြည်နယ်အတွင်းရှိ ဧရာဝတီမြစ်ဆုံ ရေကာတာ တည်ဆောက်မှုလုပ်ငန်းကို အစိုးရက ဆိုင်းငံ့ထားတယ်လို့ ပြောပေမယ့် အဲဒီက ဒေသခံတွေကတော့ စိုးရိမ်နေဆဲ အခြေအနေပဲ ရှိနေကြတယ်လို့ ကချင် လူမှုရေး အဖွဲ့တစ်ခုက ထောက်ပြပြော ဆိုပါတယ်။

စီမံကိန်းအတွင်းက ပစ္စည်းကိရိယာတွေ အရင်အတိုင်းပဲ ရှိနေသလို အဲဒီဒေသက ဒေသခံတွေအပေါ် လုံခြုံရေးကိုလည်း အရင်အတိုင်း တင်းကျပ်ထားတယ်လို့ ကချင်လူမှု ဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့က ဆိုပါတယ်။

အောက်တိုဘာ ၁၁ ရက်နေ့က မြင်ကွင်းအရ တရုတ်နိုင်ငံသား ဝန်ထမ်း လုပ်သားတွေက စီမံကိန်းနဲ့ပတ်သက်တဲ့ မြေလေ့လာ တိုင်းထွာမှုတွေ လုပ်နေတွေ့ခဲ့ရတယ်လို့ ဒေသခံတွေကို ကိုးကားပြီး ကချင်အဖွဲ့က ပြောပါတယ်။

မိုးရာသီကြောင့် အရင်ကတည်းက စီမံကိန်းလုပ်ငန်းတချို့ ရပ်နားထားပေမယ့် တကယ်တမ်း ရပ်တန့်သွားတဲ့ အရိပ်အယောင်တွေ မမြင်ရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။