အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

ဓာတ်ပုံ မူပိုင် AFP
Image caption ရပိုင်ခွင့် အခွင့်အရေးကို တောင်းဆိုတဲ့ အနေနဲ့ အစာငတ်ခံ ဆန္ဒပြရတာ ဖြစ်ကြောင်း သိရ

အင်းစိန်ထောင်အတွင်း နိုင်ငံရေး အကျဉ်းသား (၁၅) ဦးက အကျဉ်းထောင် လက်စွဲဥပဒေပါ လျှော့ရက် ခံစားခွင့်တွေရဖို့ ငြိမ်းချမ်းစွာ အစာငတ်ခံ ဆန္ဒပြနေကြ တယ်လို့ သိရပါတယ်။

ယုံကြည်ချက်ကြောင့် ထောင်ဒဏ်နှစ်ရှည် ကျခံနေ ကြရတဲ့ နိုင်ငံရေး အကျဉ်သားတွေ ဖြစ်တဲ့ ကိုညီညီထွန်း၊ ကိုစိုးမိုးထွန်း၊ ကိုကောင်းမြတ်လှိုင်နဲ့ ဦးစံန္ဒိမာ အပါအဝင် နိုင်ငံရေး အကျဉ်းသား (၁၅) ဦးက ဗုဒ္ဓဟူးနေ့ နေ့လည်က စတင် အစာငတ်ခံ ဆန္ဒပြ နေကြတာ ဖြစ်ပါတယ်။

မိမိတို့ ရပိုင်ခွင့် အခွင့်အရေးကို တောင်းဆိုတဲ့အနေနဲ့ အစာငတ်ခံ ဆန္ဒပြရတာ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်၊ နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး ကွန်ယက်မှ ကိုအောင်ဇော်ထွန်းက ဘီဘီစီကို ပြောပါတယ်။

ဘယ်လောက်ကြာအောင် အစာအငတ်ခံ ဆန္ဒပြသွားမယ်ဆိုတာ မသိရပေမဲ့၊ တောင်းဆိုချက် ရတဲ့အထိတော့ လုပ်မှာဖြစ်တယ်လို့ သူကဆက်ရှင်းပြပါတယ်။

အခုလို အခွင့်အရေး တောင်းဆိုရတာဟာ ကောင်းကျိုး ဖြစ်နိုင်သလို၊ တိုက်ပိတ်တာ၊ အဆောင်ပြောင်း ထောင်ပြောင်း တာတွေလည်း ဖြစ်လာ နိုင်တဲ့အတွက် အခြေအနေကို စောင့်ကြည့်နေတယ်လို့ ကိုအောင်ဇော်ထွန်းက ပြောပါတယ်။

မကြာခင် ရက်ပိုင်းအတွင်း အကျဉ်းသားတွေ ထပ်လွှတ်ပေးမယ်လို့ အစိုးရက ပြောထားပြီး၊ နိုင်ငံရေး အကျဉ်သား ဘယ်လောက်ပါမယ်ဆိုတာ မသိရသေးပါ။