တာလီဘန်ကို ပါကစ္စတန် ထောက်ခံနေသလား

Pakistan ဓာတ်ပုံ မူပိုင် pakistan
Image caption ပါကစ္စတန် အာဖဂန် နယ်စပ်မှ အမေရိကန် စစ်သား

အာဖဂန်နစ္စတန် မှာ အမေရိကန် တွေ တိုက်ခိုက် ချေမှုန်း နေရတဲ့ တာလီဘန် လက်နက်ကိုင် အဖွဲ့ တွေကို ပါကစ္စတန် က အကူအညီ ပေးနေတယ် ဆိုတဲ့ စွပ်စွဲချက် တွေ ထပ်မံ ပြီး ထွက်ပေါ်လာပါတယ်။

ပါကစ္စတန် ဟာ လူအများရှေ့မှာ အကြမ်းဘက် ဝါဒ တိုက်ဖျက်ရေး စစ်ပွဲ မှာ အမေရိကန် နဲ့ မဟာမိတ် ပြုပြီး တိုက်ခိုက် နေပါတယ် ဆိုတဲ့ အသွင်ဆောင်နေပေမဲ့ တာလီ ဘန်တွေကို ပါကစ္စတန် အစိုးရ ကိုယ်တိုင် က အကူအညီ ပေးနေတယ်လို့ အမေရိကန် ဘက်က ယူဆနေပါတယ်။

အခု ဒီ အပေါ် ထပ်တိုး မယ့် စွပ်စွဲချက် တွေ ကို ဘီဘီစီ က တွေ့လာပါတယ်။

တာလီဘန် တပ်မှူး တဦး ကရော တာလီဘန် အဖွဲ့ က အသေခံဗုံးခွဲ သမား တဦး ကပါ သူတို့ ကို သင်တန်း ပေးတဲ့ သူတွေဟာ ပါကစ္စတန် စစ်သား တွေ လို့ ဘီဘီစီ ကို ပြောပြပါတယ်။

အာဖဂန် ပါကစ္စတန် နယ် စပ် မှာ တာဝန်ကျနေတဲ့ အမေရိကန် စစ်သား တချို့ ကလည်း တာလီဘန် တွေ ကို ပါကစ္စတန် စစ်သား တွေ က ကူညီ နေတာ ကို သူတို့ ကိုယ် တိုင် မြင်ခဲ့ ရတဲ့ အကြောင်း ပြော ပါတယ်။

အရင် စီအိုင်အေ အေးဂျင့် တဦးဖြစ်တဲ့ ဘရူးစ် ရိုင်ဒဲ က လည်း ပါကစ္စတန် အစိုးရ က တာလီဘန် တွေကို ဘယ်လို လျှို့ဝှက် ကူညီ နေသလဲ ဆိုတာ ကို စုံစမ်း ဖို့ သမ္မတ အိုဘားမား က သူတို့ ကို ညွှန်ကြားခဲ့တယ် လို့ ပြောတဲ့ အပြင် အာဖဂန် က သူပုန်တွေ ကို ပါကစ္စတန် အစိုးရ က သွယ်ဝိုက် ကူနေတာမျိုး တောင် မဟုတ်ဘဲ၊ ပါကစ္စတန် စစ်တပ် နဲ့ ပါကစ္စတန် ထောက်လှမ်းရေး အိုင်အက်စ အိုင် တို့ က တိုက်ရိုက် ကူညီ ဆောင်ရွက် နေတာ လို့ ပြောပါတယ်။

ပါကစ္စတန် နယ်စပ် က စစ်သွေးကြွ တွေကို မောင်းသူမဲ့ လေယာဉ် နဲ့ ပစ်ခတ် တိုက်ခိုက် ဖို့ လုပ်ကြရာမှာ ပါကစ္စတန် အစိုးရ ကို ကြိုတင် အကြောင်းကြား ပြီး တိုက်ခိုက်ရင် ပစ်မှတ် ကို ဘယ်တော့မှာ အောင်မြင်အောင် မတိုက် နိုင်ခဲ့ တဲ့ အကြောင်း နဲ့ ပါကစ္စတန် ဘက် ကို ကြို အကြောင်းကြား တာ ကို ရပ်ဆိုင်းလိုက်မှ ပဲ ပစ်မှတ် တွေ ကို ချေမှုန်း နိုင်ခဲ့ ကြောင်း လည်း မစ္စတာ ရိုင်ဒဲ က ပြောပါတယ်။

ပါကစ္စတန် စစ်တပ် ဘက် ကတော့ သူတို့ ဘက် ကရော အိုင်အက်စအိုင် ထောက်လှမ်းရေး ဘက် ကရော တာလီ ဘန်တွေ ကို ဘာမှ အကူအညီ ပေးတာ မရှိဘူး လို့ ငြင်း ပါတယ်။