ဒေါ်စုနဲ့ ဝန်ကြီးဦးအောင်ကြည် စတုတ္ထအကြိမ် ဆွေးနွေး

လုပ်ငန်းတွေဆောင်ရွက်ရာမှာ စုံမခုန်ဘူး၊ ရပ်လည်းမနေဘူးလို့ ဦးအောင်ကြည်ပြော
မြန်မာ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်တို့ ဟာ တနင်္ဂနွေ နေ့ နေ့လယ်က စတုတ္တ အကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးခဲ့ ကြပါတယ်။
ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာမှာ ပြုလုပ်ခဲ့တဲ့ ဒီတွေ့ဆုံဆွေးနွေးပွဲမှာ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့်နဲ့ ငွေကြေးလည်ပတ် စီးဆင်းမှုဆိုင်ရာ စီးပွားရေးကိစ္စ၊ ပြည်တွင်း ငြိမ်းချမ်းမှု ထာဝရ ဖြစ်ထွန်းရေးနဲ့ လွတ်ငြိမ်း ချမ်းသာခွင့် ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ တယ်လို့ ဆွေးနွေးပွဲ အပြီး သတင်း ထုတ်ပြန်ပါတယ်။
ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ မှတ်ပုံပြန်တင်မယ့် အခြေအနေ ရှိပါသလားဆိုတဲ့ သတင်းထောက် တဦးရဲ့ အမေးကိုတော့ ဒေါ်အောင်ဆန်းစုကြည်က မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပြောင်းလဲမှု အတည်ဖြစ်လာတဲ့ အချိန်မှာ ဒီကိစ္စကို NLD က အစည်းအဝေးထိုင် ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
တခါ အစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ထပ်လွှတ်ပေးဖို့ အစီအစဉ် ရှိမရှိ ဆိုတဲ့ သတင်းထောက် တဦးရဲ့ အမေးကို ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က အစိုးရ အနေနဲ့ လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ စုံလည်း မခုန်ဘူး၊ ရပ်လည်း မနေဘူး၊ တလှမ်းချင်း ဆောင်ရွက်နေတယ်ဆိုပြီး တုံ့ပြန် ပြောဆိုသွားပါတယ်။
အရင် ဆွေးနွေးပွဲတွေတုန်းကလည်း ဆွေးနွေးတဲ့ ကိစ္စရပ်တွေလောက်သာ နှစ်ဖက် ထုတ်ဖေါ် ပြောဆို ခဲ့သလို အခု ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့လဲ ဘာမှ အသေးစိတ် ထုတ်ဖေါ် ပြောဆို သွားခြင်း မရှိပါဘူး။
အစိုးရဘက်က တလှမ်းချင်း လှမ်းပြီး လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ဦးအောင်ကြည်က ပြောသွားသလို ဒေါ်အောင်ဆန်းစုကြည်တို့ NLD ဖက်ကို ကြည့်မယ်ဆိုရင်လည်း ပါတီ မှတ်ပုံတင်ရေး မတင်ရေး စဉ်းစားမှုတွေ ရှိနေတဲ့အတွက် NLD အနေနဲ့ ပြုပြင် ပြောင်းလဲရေး အတွက် ခြေလှမ်းတွေ စလှမ်းနေပြီလို့ ယူဆရကြောင်း ဗဟု ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့က ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။