KNU နဲ့ အစိုးရအကြား ဆွေးနွေးဖို့ ကြိုးပမ်းနေ

Image caption KNU က ကိုယ်စားလှယ် စေလွှတ်ဖို့ အထိကို ဆွေးနွေးနေတာ ဖြစ်ကြောင်း သိရ

ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ အစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကြိုးပမ်းမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်း တွေ ထွက်ရှိနေပါတယ်။

KNU ဘက်ကို မြန်မာ အစိုးရ ဘက်ကနေ စက်တင်ဘာလမှာ တကြိမ်၊ အောက်တိုဘာ လမှာ တကြိမ် လာဆက်သွယ်တာရှိတယ်လို့ သိရကြောင်း ဘီဘီစီ သတင်းထောက် ကိုအောင်ကျော်ဦးက ပြောပါတယ်။

ဒီအတွက် KNU ဗဟိုကော်မတီ အတွင်းမှာ ဆွေးနွေးမှုတွေ ရှိနေပြီး၊ KNU ကနေ ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ စေလွှတ်ဖို့ အထိကို ဆွေးနွေးနေတာ ဖြစ်ကြောင်း သိရတယ်လို့ ဆိုပါတယ်။

အစိုးရနဲ့ ဆွေးနွေးတဲ့နေရာမှာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နဲ့ ပဲဆွေးနွေးမယ်ဆိုတဲ့ မူရှိပေမယ့်လည်း အစိုးရဘက်က တဖွဲ့ချင်း အနေနဲ့ပဲ ဆွေးနွေးချင်နေတာဖြစ်လို့ ပဏာမအနေနဲ့ တွေ့ဆုံဖို့ လုပ်နေတာ ဖြစ်နိုင်ကြောင်း ကိုအောင်ကျော်ဦး ပြောပါတယ်။

ငြိမ်းချမ်းရေးအတွက် နှစ်ဘက် ကြိုးစားနေတဲ့ အခြေအနေမျိုး ဖြစ်ပေမယ့်လည်း နှစ်ဘက် စလုံးက အခွင့်အရေးရရင် ရသလို တိုက်နေတာတွေ ရှိနေတယ်လို့ လည်း ကိုအောင်ကျော်ဦးက ပြောပါတယ်။