ရွေးကောက်ပွဲ ဝင်ခဲ့ သူတွေရဲ့ ရွေးကောက်ပွဲ တနှစ်တာ သုံးသပ်ချက်

elections
Image caption ၂၀၁၀ ရွေးကောက်ပွဲ နေ့ က

ရွေးကောက်ပွဲ ဝင်ပြီး ဒီမိုကရေစီဘောင်ကို တဖြည်းဖြည်း ချဲ့ယူမယ်ဆိုတဲ့ အမြင် နဲ့ ရွေးကောက်ပွဲ ဝင်ခဲ့ကြသူတွေ အခု ရွေးကောက်ပွဲ အပြီး တနှစ် ကြာလာတဲ့ အချိန်မှာ မျှော်မှန်းချက် တွေ ဘယ်လောက် အကောင်အထည် ပေါ်ခဲ့ ပြီလဲ။

၂၀၁၀ ရွေးကောက်ပွဲကြောင့် တချို့အပိုင်း တွေမှာ အတိုင်းအတာတခုအထိ အကျိုး ရလာဒ်တွေ ထွက်ခဲ့ပေမယ့် သူတို့ မျှော်လင့် သလောက်တော့ ခရီး မရောက်သေးဘူး လို့ သူတို့ က ဆိုကြ ပါတယ်။

ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ ဒီမိုကရက်တစ် ပါတီ (မြန်မာ) ရဲ့ ဥက္ကဌ ဦးသုဝေ က အခုအခါ လွှတ်တော် ထဲကိုရောက်လာတဲ့ နိုင်ငံရေး ပါတီ ကိုယ်စားလှယ်တွေကို ပြောဆို ပိုင်ခွင့်တွေ ပေးတာ၊ အစိုးရဖက်က ပြုပြင် ပြောင်းလဲမှုတွေ လုပ်ပြ လာတာ တွေကို ကြည့်ရင်၊ ရွေးကောက်ပွဲ မတိုင်ခင် က သူတို့တွက်ချက် ခဲ့သလို စစ်တပ် ဟာ နိုင်ငံရေး ကနေ တဖြည်း ဖြည်း ဆုတ်ခွာ နေတယ် လို့ ဦးသုဝေ က ရှုမြင်ပြီး၊ အပြောင်းအလဲ ကို လိုလားသူ တွေ က ဒီမိုကရေစီရေး အတွက် ကိုယ်တိုင် ဝင်တိုးပြီး လုပ်ဖို့ လိုတယ် လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ နောက်ထပ် ပါတီတခု ဖြစ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် ရဲ့ ဥက္ကဌ ဦးအေးလွင် ကတော့၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ ပါဝင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ ကိုယ်စားလှယ်ရဲ့ အတွေ့အကြုံနဲ့ နှိုင်းယှဉ် ထောက်ပြရင်း လွှတ်တော် ဟာ ဟန်ပြသာ ဖြစ်တယ် လို့ ဆိုပါတယ်။

ဒါပေမယ့် စစ်တပ် အုပ်ချုပ်တဲ့စံနစ် ကနေ ဖွဲ့စည်းပုံ ဥပဒေ ကို မူတည်တဲ့ အရပ်ဖက် အုပ်ချုပ်ရေး စံနစ် ဆီကို ဦးတည်ပြောင်းလဲ လာစေဖို့ ဆိုတဲ့ သူတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက် ကတော့ အောင်မြင် ခဲ့တယ် လို့ ဦးအေးလွင် က ပြောပါတယ်။

တခါ တိုင်းရင်းသားတွေ ဖက်ကို ကြည့်ရင်လည်း ၂၀၁၀ ရွေးကောက်ပွဲကြောင့် ပေါ်ပေါက် လာတဲ့ ပြည်ထောင်စု နဲ့ ပြည်နယ် လွှတ်တော်တွေ ထဲမှာ သူတို့ အခွင့်အရေး အတွက် ပြောဆို ပိုင်ခွင့်တွေ အရင်က ထက် ပိုရ လာ ခဲ့ပါတယ်။

ဒါပေမယ့် တကယ်တမ်း သူတို့ ဒေသတွေ ရဲ့ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက်နိုင်တဲ့ အခြေအနေ ကိုတော့ မတွေ့ ရသေးပါဘူး။

တဖက်မှာလည်း တိုင်းရင်းသား လက်နက်ကိုင် တွေကို နယ်ခြား စောင့်တပ်ဖွဲ့ အဖြစ် ပြောင်းလဲဖို့ အစိုးရ ရဲ့ ဆောင်ရွက်ချက် တွေကြောင့် ငြိမ်းချမ်း ရေး ဖြစ်မလာဘဲ ရွေးကောက်ပွဲ ပြီး တနှစ် တာ ကာလ မှာ သေနတ်သံ တွေသာ ပိုကြား လာရပြီး ပြည်တွင်း စစ်မီး ပြန်တောက် ခဲ့ တယ်လို့ တိုင်းရင်းသား တွေ ဘက် က ပြောနေ ကြ ပါတယ်။