အကောင်းဆုံး သတင်း ဖြစ်စဉ် တင်ပြမှု ဘီဘီစီ မြန်မာ ဌာန အထူးဆုရ

နိုင်ငံတကာ ရုပ်သံနဲ့ အသံလွှင့် အဖွဲ့ကြီး ဖြစ်တဲ့ The Association for International Broadcasting AIB က မနေ့က လန်ဒန်မြို့မှာ အပ်နှင်းခဲ့တဲ့ ၂၀၁၁ ခုနှစ် အတွက် သတင်း ဖြစ်စဉ် တစ်ခုကို အကောင်းဆုံးနဲ့ အရှင်းလင်းဆုံး တင်ပြ နိုင်တဲ့ ဆုမှာ ဘီဘီစီ မြန်မာ ဌာနက အထူးဆု ဆွတ်ခူး ရရှိခဲ့ပါတယ်။

အဲဒီ ဆု အမျိုး အစားမှာ ဘီဘီစီ ရေဒီယို အမှတ် (၅) BBC Radio 5 Live က အကောင်းဆုံးဆု ဆွတ်ခူးခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် bbc
Image caption ဘီဘီစီ မြန်မာ ဌာနမှူး ဒေါ်တင်ထားဆွေ ဆုလက်ခံ ယူခဲ့

AIB အဖွဲ့က ကမ္ဘာ တဝန်းလုံးမှာ ရှိတဲ့ သတင်း ဌာနတွေထဲက အကောင်းဆုံး ရုပ်မြင်သံကြားနဲ့ ရေဒီယို သတင်း တင်ပြမှုဆု၊ အကောင်းဆုံး အစီအစဉ် တင်ဆက်သူဆု စတာတွေကို ရွေးချယ်ပြီး ဆုချီးမြှင့် ခဲ့တာ ဖြစ်ပါတယ်။

ဘီဘီစီမြန်မာ ဌာနက ဆွတ်ခူးခဲ့တဲ့ ဆုကတော့ မနှစ်က ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက် ဒေါ်အောင်ဆန်း စုကြည် နေအိမ် အကျယ်ချုပ် ကနေ ပြန်လည် လွတ်မြောက် လာခဲ့တဲ့ နေ့က သတင်း တင်ပြမှု တွေ ကောင်းမွန်တဲ့ အတွက် အခုလို အထူးဆု အပ်နှင်းတာ ဖြစ်တယ်လို့ နိုင်ငံတကာ ရုပ်သံနဲ့ အသံလွှင့် အဖွဲ့ AIB က ပြောပါတယ်။

မြန်မာ ဌာနဟာ ပြည်တွင်းမှာ သတင်းထောက် ထားရှိပြီး သတင်း ရယူနိုင်ခြင်း မရှိပေမဲ့ စုဆောင်း ရရှိတဲ့ သတင်း အချက်အလက် တွေကို မှန်မှန်ကန်ကန် စုစည်းပြီး စိတ်ဝင်စားဖွယ် ကောင်းအောင် တင်ပြခဲ့တယ်၊ သောတရှင်တွေ သိလိုတဲ့ သတင်း တွေကို အချိတ် အဆက် မိမိ တင်ပြ သွားနိုင်တယ်လို့ AIB က မှတ်ချက် ပေးပါတယ်။

ကိုယ်တိုင် အခမ်း အနားတက်ရောက်ပြီး ဆုလက်ခံ ရယူခဲ့တဲ့ ဘီဘီစီ မြန်မာ ဌာနမှူး ဒေါ်တင်ထားဆွေကတော့ မြန်မာ ဌာနဟာ အရင်တုန်းကလည်း သတင်း တင်ဆက်မှုပိုင်း ဆိုင်ရာ ဆုတွေ လက်ခံ ရရှိခဲ့ဖူး ပေမဲ့ အခု တကြိမ်က ပိုပြီး ထူးခြားတယ်၊ အကြောင်း ကတော့ အရင် ဆုတွေဟာ ဘီဘီစီ အဖွဲ့ အစည်း အတွင်းက ချီးမြှင့်တဲ့ ဆုတွေ ဖြစ်ပြီး အခုက နိုင်ငံတကာ အဖွဲ့ အစည်းက ချီးမြှင့်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့က ဒေါ်အောင်ဆန်း စုကြည် လွတ်ရမယ့် ရက်ဖြစ်လို့ သူ လွတ်မြောက် လာရေးကို အားလုံးက မျှော်လင့် နေခဲ့ကြပေမဲ့ ဘယ်သူမှ လွတ်မယ် ဆိုတာ အတိအကျ ကြိုတင်မသိခဲ့ကြရဘဲ ပြင်ဆင်မှုတွေ လုပ်ခဲ့ကြတာ ဖြစ်တယ်၊ အခုလို ဆုရရှိတဲ့ အတွက် ဘီဘီစီ မြန်မာ ပိုင်း အစီအစဉ်က ဝန်ထမ်းတွေ အားလုံး ဂုဏ်ယူရမှာ ဖြစ်တယ်လို့ ဒေါ်တင်ထားဆွေက ပြောပါတယ်။