တောင်အာဖရိက ဆိုင်ရာ မြန်မာသံအမတ် စွပ်စွဲခံရ

တောင်အာဖရိက ပါလီမန်မှာ  မြန်မာသံအမတ် ကိစ္စ မေးခွန်းထုတ်ဖွယ်ရှိ
Image caption တောင်အာဖရိက ပါလီမန်မှာ မြန်မာသံအမတ် ကိစ္စမေးဖွယ်ရှိ

လက်ရှိတောင်အာဖရိကနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်နောင်ရဲ့ နောက်ကြောင်းကို ပြန်စုံစမ်းဖေါ်ထုတ်ဖို့ တောင်အာဖရိက အတိုက်အခံပါတီက တောင်းဆိုလိုက်ပါတယ်။

ဂျိုဟန်နစ်ဘတ်မြို့ရှိ Mail and Guardian Online မှာရေးသား ဖေါ်ပြချက်အရ လက်ရှိသံအမတ်ဟာ စစ်ဗိုလ်ချုပ်ဘဝက စစ်ဆင်ရေးတွေမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေရှိတယ်လို့ စွပ်စွဲသွားတဲ့အတွက် အတိုက်အခံ Democratic Alliance ကအခုလိုအစိုးရကို တိုက်တွန်းတာ ဖြစ်ပါတယ်။

တောင်အာဖရိကနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားနေတဲ့ Free Burma Campaign South Africa ရဲဥက္ကဌ ဒေါက်တာသိန်းဝင်းကတော့ အခုကိစ္စကို ပါလီမန်မှာ တရားဝင် မေးခွန်းထုတ်ဖို့ရှိပြီး အစိုးရက ပြန်ဖြေကြားရမယ်လို့ သူကြားကြောင်း ဘီဘီစီကိုပြောပါတယ်။

အရင်ကလည်း မြန်မာ သံအမတ်တွေဟာ တပ်မတော်အရာရှိဟောင်းကြီးတွေဘဲဖြစ်လို့ ဘာကြောင့် အခုမှဒီလိုစုံစမ်းစစ်ဆေးဖို့အထိ ဖြစ်လာသလဲမေးကြည့်ရာမှာ တော့ ဒေါက်တာ သိန်းဝင်းက အခုသံအမတ်ဟာ အစိုးရသစ် လက်ထက်မှာ ခန့်အပ်တာဖြစ်ပြီး ဒီမိုကရေစီကိုသွားမယ်လို့ ကြေညာ ထားတဲ့အတွက် နိုင်ငံရေးနဲ့ဆိုင်တဲ့ သံတမန်ရာထူးမှာ အရပ်သားတွေသာ သံအမတ်ဖြစ်သင့်လို့ အခုလို ပြဿနာပေါ်တာလို့ ယူဆကြောင်း ဘီဘီစီကိုပြောသွားပါတယ်။