ဗြိတိန် ဝန်ကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ် စတင်

Andrew Mitchell
Image caption မြန်မာ နိုင်ငံကို သွားသင့်တယ် ဆိုတာ ဆုံး ဖြတ်နိုင်ဖို့ လုံလောက်တဲ့ တိုးတက်မှုတွေရ ပြီလို့ဆို

ဗြိတိန်နိုင်ငံရဲ့ နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ဝန်ကြီး Andrew Mitchell ဟာ ၃ရက်ကြာ ခရီးစဉ် အဖြစ် မြန်မာနိုင်ငံမှာ ရောက်ရှိနေပါတယ်။

သူ့ရဲ့ ခရီးစဉ် အတွင်း အစိုးရ ထိပ်တန်း ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံမှာ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။

ခရီးစဉ် ပထမနေ့ ဖြစ်တဲ့ အင်္ဂါနေ တုန်းကတော့ သူဟာ မြန်မာ နိုင်ငံ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နဲ့ တွေ့ဆုံ ခဲ့ပါတယ်။

မြန်မာအစိုးရသစ် စတင် ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ အရ သတိကြီးကြီးနဲ့ အကောင်းဖက်က ပြောဆိုမှုတွေ ပေါ်ပေါက်လာခဲ့တယ်လို့ မစ္စတာ Mitchell က ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့်လည်း မြန်မာ အစိုးရအနေနဲ့ ဒါ့ထက် ပိုဆောင်ရွက် ပြဖို့ လိုနေပြီး နောက်ထပ် နိုင်ငံရေး အကျဉ်းသားတွေ ထပ်လွှတ်ပေးတာမျိုး၊ အတိုက်အခံတွေနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုမျိုးတွေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့NLD ပါတီကို လာမယ့် ရွေးကောက်ပွဲတွေမှာ ပါဝင် ခွင့်ပြုတာမျိုးတွေ လုပ်ဖို့ မစ္စတာ Mitchellက တိုက်တွန်း ပြောဆိုသွားပါတယ်။

တခါ တိုင်းရင်းသား နယ်မြေတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်မိကြောင်းကိုလည်း မစ္စတာ Mitchell က ထုတ်ဖေါ် ပြောသွားပါတယ်။