NLD မှတ်ပုံတင်မယ့် အလားအလာများ

 ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံတင်ရေးကိစ္စ ပြောကြားစဉ် ဓာတ်ပုံ မူပိုင် AFP
Image caption ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံတင်ရေးကိစ္စ ပြောကြားစဉ်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ တရားဝင်ပါတီအဖြစ် ဆက်လက် မှတ်ပုံတင်ဖို့ အများစု သဘောတူ ဆုံးဖြတ်မယ်လို့ သူထင်ကြောင်း မြန်မာနိုင်ငံကို ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် David Loyn နဲ့သီးခြား တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာ ဖြစ်ပါတယ်။

အခုပြင်ဆင်လိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေအရ အဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေးပါတီ အဖြစ်မှတ်ပုံတင်မဲ့ကိစ္စ နဲ့ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရေးမဝင်ရေး ကိစ္စတွေကို ပါတီဗဟိုကော်မီတီဝင်တွေ သောကြာနေ့မှာ ဆွေးနွေး ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

ဒေါ်စုကိုယ်တိုင် ရွေးကောက်ပွဲ ဝင်မဝင်ဆိုတာကိုတော့ ဘီဘီစီသတင်းထောက်ကို အသေအချာ မပြောခဲ့ပေမဲ့ သူကိုယ်တိုင် ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ သံတမန် အသိုင်းအဝိုင်းကတဆင့် သိရကြောင်း David Loyn ကပြောပါတယ်။

သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အကြား ဆွေးနွေးပြီးတဲ့နောက် ရွေးကောက်ပွဲနဲ့ ပါတီမှတ်ပုံတင်ရေးဆိုင်ရာ ဥပဒေပြင်ဆင်ချက်တွေ ထွက်လာတာဖြစ်ပါတယ်။

ရွေးကောက်ပွဲဝင်ဖို့ သပိတ်မှောက်ခဲ့တဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ပါတီမှတ်ပုံတင်တဲ့ကိစ္စကို အထူးမဝေဖန်လိုပေမဲ့ အဖွဲ့ချုပ်ရဲ့ ရည်မှန်းချက်တွေကို လွှတ်တော်အပြင်ဘက်ကလည်း ဆောင်ရွက်နိုင်မယ်လို့ထင်ကြောင်း SNLD ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်ကပြောပါတယ်။

နိုင်ငံရေးအကျဉ်းသား အားလုံးပြန်မလွှတ်ဘဲ ပြည်တွင်းငြိမ်းချမ်းရေး မရဘဲ NLD အနေနဲ့ ရွေးကောက်ပွဲမဝင်သင့်ဘူးလို့ ဦးစိုင်းလိတ်က ဘီဘီစီကိုပြောပါတယ်။

လန်ဒန်စီးပွားရေးနဲ့ နိုင်ငံရေးသိပ္ပံမှ သုတေသန ပညာရှင် ဒေါက်တာဇာနည်ကတော့ NLD အနေနဲ့ နိုင်ငံရေးပါတီအဖြစ် ဆက်ရပ်တည်ဖို့ဆိုရင် တခြားရွေးစရာလမ်း မရှိတော့ကြောင်း ဒါပေမဲ့ လွှတ်တော်မှာ ပါတီနိုင်ငံရေး ခေါင်းဆောင်အနေနဲ့ ဒေါ်စုကပါဝင်ရင်တော့ လက်ရှိ ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်အမတ်တွေလွှမ်းမိုးနေလို့ ဘာမှ ထိရောက်အောင်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ဝေဖန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပါတီခေါင်းဆောင်အစား လူထုခေါင်းဆောင် အဖြစ်နေတာက တိုင်းပြည်အတွက် ပိုအကျိုးရှိနိုင်တယ်လို့ ဒေါက်တာ ဇာနည်က သုံးသပ်သွားပါတယ်။