NLD ဘယ်လို ဆွေးနွေး ဆုံးဖြတ် ခဲ့ရသလဲ

အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီ မှတ်ပုံ တင်ရေးနဲ့ ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ် လိုက်ပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ပါတီ မှတ်ပုံတင်ရေး ဆွေးနွေးတဲ့ နေက ဒေါ်စုကို နုတ်ဆက် ကြတဲ့ ပြည်သူတွေ

သောကြာနေ့က အန်အယ်လ်ဒီ ရုံးချုပ်မှာ ကျင်းပခဲ့တဲ့ ဗဟို ဦးစီး အဖွဲ့ အစည်း အဝေးကို တက်ရောက်လာကြတဲ့ တိုင်းနဲ့ ပြည်နယ်က ကိုယ်စားလှယ်တွေက ပါတီဝင် တွေရဲ့ ဆုံးဖြတ်ချက်တွေကို ယူလာ ပြီး ဖြစ်လို့ အကြိတ်အနယ် ဆွေးနွေး စရာမလိုဘဲ ဆုံးဖြတ်ချက် ချနိုင်ခဲ့ ကြတယ်လို့ အစည်း အဝေး တက်ရောက်သူ တစ်ယောက်က ဘီဘီစီကို ပြော ပါတယ်။

အန်အယ်လ်ဒီ ပါတီ ဒုတိယ ဥက္ကဌ ဦးတင်ဦးက အစည်း အဝေး အဖွင့် မိန့်ခွန်းမှာ အစိုးရနဲ့ ပူးတွဲ လုပ်ဆောင် နိုင်မယ့် အလား အလာ ရှိကြောင်း ထောက်ပြ ပြောဆို ပါတယ်။

အကြီးမားဆုံး တိုးတက်မှု အနေနဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ဆွေးနွေးမှု နောက်ပိုင်း ရလာတဲ့ ရလဒ် အရ ပွင့်လင်း မှုတွေ ရှိလာတယ်၊ ဦးသိန်းစိန်နဲ့ ဆက်လက်ပြီး လက်တွဲ ဆောင်ရွက်ရမယ် ဆိုရင် ရှေ့မှာ ဆောင်ရွက်နိုင်စွမ်း ရှိတဲ့ အလား အလာတွေ ရှိတာကို မြင်တယ်လို့ ကြိမ်ဖန် များစွာ ပြောကြောင်း ဦးတင်ဦးက ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ကတော့ အစည်း အဝေး နှုတ်ခွန်းဆက် စကား ပြောပြီးတဲ့နောက် သူ့ဆုံးဖြတ်ချက်ကို နောက်ဆုံးမှ ပြောပါတယ်။

အစည်း အဝေး တက်ရောက်တဲ့ ကိုယ်စားလှယ် ၁ဝ၆ ယောက်ထဲမှာ တိုင်းနဲ့ပြည်နယ် တစ်ခုချင်း စီက ကိုယ်စားလှယ် တစ်ယောက်ကို ၅ မိနစ်စီ သဘောထား အမြင် ပေးကြ ပါတယ်။

တချို့က နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ အပစ် အခတ် ရပ်စဲရေး တို့ကို ပါတီ မှတ်ပုံတင် ပြီးတဲ့ နောက် ဦးစားပေး လုပ်ဆောင်ဖို့ ထောက်ပြ ပြောဆို တာက လွဲပြီး သဘော မတူတဲ့ သူမရှိဘူးလို့ ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်က နောက်ဆုံးပိတ် သူ့သဘောထား အမြင် ကို ပြောရာမှာ ပါတီ မှတ်ပုံ တင်ပြီး ကြားဖြတ် ရွေးကောက်ပွဲ ဝင်ဖို့ သဘောတူ ကြောင်းနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ရေး အတွက် အန်အယ်လ်ဒီက ကြိုးစား လုပ်ဆောင် ရမယ်လို့ ပြော ပါတယ်။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ရလဒ် မှတ်တမ်း ကတော့ သမိုင်းမှာ မှတ်တမ်းတင် ထားပြီး ဖြစ်လို့ ဖျောက်ဖျက်လို့ မရသလို လွှတ်တော် ခေါ်ပေးဖို့ ပြောဆိုချက် တွေဟာ အခု အချိန်မှာ လက်တွေ့ မကျတော့ဘူး၊ ရှေ့ဆက် သွားရမယ့် အရေးကိုပဲ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ လည်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

တိုင်းပြည် အတွက် လိုအပ်ရင် သူကိုယ်တိုင် ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်မှာ ဖြစ်တယ် လို့လည်း ဒေါ်အောင်ဆန်း စုကြည်က ဗဟို ဦးစီး အဖွဲ့ အစည်း အဝေးမှာ ပြောခဲ့ ပါတယ်။

နောက်ဆုံး မှာတော့ အန်အယ်လ်ဒီ မှပါတီ ပြန်လည် မှတ်ပုံ တင်ရေးနဲ့ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရေး တို့ကို ဗဟို ဦးစီး အဖွဲ့ အစည်း အဝေး အရ ဆုံးဖြတ် ခဲ့ကြတာ ဖြစ် ပါတယ်။