အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဟာ တရားဝင် ပါတီအဖြစ် မှတ်ပုံ ပြန်တင်ဖို့ နဲ့ နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ဝင် ရောက် ယှဉ်ပြိုင် အရွေးခံမယ်လို့ ပါတီကနေ သောကြာနေ့မှာ ဆုံးဖြတ်လိုက် ပါတယ်။

NLD ပါတီရဲ့ ဗဟိုဦးစီး အဖွဲ့အစည်းအဝေးမှာ နိုင်ငံတဝန်းက ကိုယ်စားလှယ် ၁၀၆ ဦး တက်ရောက်ပြီး အထက်ပါ ဆုံးဖြတ်ချက် ၂ ရပ်ကို ကန့်ကွက်သူမရှိ ဆုံးဖြတ်ကြတယ်လို့ NLD က ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်တစ်ခုကနေ ပါဝင်ယှဉ်ပြိုင်ဖို့ ရှိတယ်လို့ ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ ဘယ် မဲဆန္ဒနယ်ကနေ ဝင်ရောက် မယ်ဆိုတာတော့ မသိရ သေးပါဘူး။

လာမယ့် ကြားဖြတ် ရွေးကောက်ပွဲ ကျရင် လစ်လပ် နေတဲ့ အမတ် နေရာ ၅၀ နီးပါးမှာ NLD က ဝင်ရောက် ယှဉ်ပြိုင် ဖို့ ပြင်ဆင် နေတယ်လို့ လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

ပြန်လည် မှတ်ပုံတင်ဖို့ ဖြစ်လာရတဲ့ အကြောင်းရင်း တစ်ရပ်ကို NLD ကြေငြာချက်မှာ ဖော်ပြရာမှာ ''ပြည်သူ လူထုနှင့်တကွ ဒီမိုကရေစီ အင်အားစု များကလည်း'' NLD ကို နိုင်ငံရေး ပါတီတစ်ခုအဖြစ် ဆက်လက် ရှင်သန် ရပ်တည်စေလိုတဲ့ ဆန္ဒတွေ ရှိနေတာကြောင့်လို့ ဆိုပါတယ်။

NLD အနေနဲ့လည်း တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အစဉ်တစိုက် ကြိုးပမ်း အားထုတ်နေ တယ်လို့လည်း ဖော်ပြပါတယ်။

NLD ရဲ့ ဒီကနေ့ ဆုံး ဖြတ်ချက်ကို ကြိုဆိုကြောင်း ဘာလီက အာဆီယံ ဆွေးနွေးပွဲကို တက်ရောက်နေတဲ့ မြန်မာ ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်း ကလည်း သတင်းထောက် တွေကို ပြောပါတယ်။

ဒီအတော အတွင်းမှာပဲ အာဆီယံနဲ့ ဒေသတွင်း အစည်းအဝေး တွေကို တက်ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်လည်း မြန်မာနိုင်ငံကို နောက်လ အတွင်း သွားဖို့ ရှိတယ်လို့ သိရပါတယ်။