ကေအန်ယူနဲ့ အစိုးရကိုယ်စားလှယ် ဆွေးနွေး

Image caption နှစ်ဘက်စလုံးက အပြုသဘော နားလည်းမှု ရရှိခဲ့ကြ တယ်လို့ ဆိုပါတယ်

မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ KNU ကရင် အမျိုးသားအစည်းအရုံး ကိုယ်စားလှယ် အဖွဲ့တို့ ထိုင်း-မြန်မာ နယ်စပ် မယ်ဆိုင်မြို့ မှာ တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။

ဒါဟာ အစိုးရသစ်တက်လာပြီးနောက် KNU ကိုယ်စားလှယ်တွေနဲ့ အစိုးရကိုယ်စားလှယ်တွေ အကြား ပထမဆုံး အကြိမ် တိုက်ရိုက်တွေ့ဆုံမှု လည်း ဖြစ်ပါတယ်။

KNU ဘက်က အဖွဲ့ခေါင်းဆောင်အနေနဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစောဆေးဖိုးက ဦးဆောင်ပြီး တရားရေးဌာန ပဒိုစောဒေးဗစ်ထောနဲ့ သစ်တောရေးရာ တာဝန်ခံ ပဒို စောအားတိုးတို့ ပါဝင် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အခုဆွေးနွေးမှုဟာ ပဏာမတွေ့ဆုံဆွေးနွေးမှု ဖြစ်ပြီး၊ နှစ်ဘက်စလုံးက အပြုသဘော နားလည်မှု ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

အပစ်အခတ်ရပ်စဲရေးကို တဖွဲ့ချင်းအနေနဲ့ ဆွေးနွေးပြီး၊ နိုင်ငံရေးကိုတော့ တပ်ပေါင်းစု အနေနဲ့ ဆွေနွေးဖို့ စီစဉ်ထားတာရှိတယ်လို့ KNU က ပြောပါတယ်။

KNU ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့ကလည်း မကြာခင်မှာ ဘားအံကို သွားရောက် ဆွေးနွေးဖို့ ရှိပြီး၊ အဲဒီအခါကျရင် KNU ဘက်က အချက် ၄ ချက်ကို တင်ပြဆွေးနွေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီချက်တွေကတော့ အပစ်အခတ်ရပ်စဲရေး၊ ဆက်ဆံရေးအဖွဲ့တွေ အပြန်အလှန်ထားရှိရေး၊ လက်နက်မပါဘဲ နယ်ကျော် ဖြတ်သန်းသွားလာခွင့်နဲ့ ဗဟိုအစိုးရအဆင့်နဲ့ ဆွေးနွေးရေး အတွက် အချိန်နဲ့နေရာသတ်မှတ်ရေး ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။

အစိုးရကိုယ်စားလှယ်တွေဟာ တခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ဆွေးနွေးခဲ့တာ ဖြစ်ပြီး၊ ရှမ်းပြည်တောင်ပိုင်း ဗိုလ်မှူးကြီးရွက်ဆစ် ဦးဆောင်တဲ့ အဖွဲ့နဲ့တော့ မကြာခင် တောင်ကြီးမြို့မှာ အပစ်ရပ်ရေး သဘောတူ လက်မှတ်ရေးထိုးဖို့ ရှိတယ်လို့ သိရပါ တယ်။

အလားတူ ချင်းအဖွဲ့နဲ့လည်း ချင်းပြည်နယ် မြို့တော် ဟားခါးမှာ သဘောတူ လက်မှတ်ရေး ထိုးဖို့ အထိ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

KNU အဖွဲ့ကတော့ ဗဟိုကိုတင်ပြပြီးတော့မှာ ရှေ့ဆက်ဆောင်ရွက်မှုတွေ လုပ်မှာ ဖြစ်တယ် လို့ ဆိုပါတယ်။