အကျဉ်းသားတွေ လွတ်လာမှ ပါတီတွေရှေ့ရေး ဆုံးဖြတ်ဖွယ်ရှိ

CRPP
Image caption စီအာပီပီ စဖွဲ့စဉ်က အဖွဲ့ဝင်များပုံ

၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို အခြေခံပြီး ဖွဲ့ထားတဲ့ CRPP ခေါ် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီအနေနဲ့လည်း ဘယ်လို ဆက်လက် ရပ်တည်မလဲဆိုတာကို ဒီဇင်ဘာလဆန်းမှာ အဖွဲ့ဝင်တွေ တွေ့ဆုံ ဆွေးနွေးမယ်လို့ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရွေးကောက်ပွဲဝင်မယ် ဆိုတာကြောင့် ၉၀ ရွေးကောက်ပွဲအနိုင်ရ တခြား ပါတီတွေအနေနဲ့ ဘယ်လို ဆက်လက် ရပ်တည်ကြမလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

CRPP အဖွဲ့ဝင် ပါတီတချို့ကတော့ အကျဉ်းကျနေတဲ့ သူတို့ရဲ့ ခေါင်း ဆောင်တွေ အပါအဝင် နိုင်ငံရေး အကျဉ်း သားတွေ လွတ်လာမှ ပါတီရှေ့ရေး စဉ်းစားဖွယ် ရှိနေတယ်လို့ ALD ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင် လည်း ဖြစ်တဲ့ ဦးအေးသာအောင်က ပြောပါတယ်။

CRPP အဖွဲ့မှာ NLD နဲ့ ALD အပြင် SNLD ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ ပါတီ၊ မွန်အမျိုးသား ဒီမိုကရေစီ ပါတီနဲ့ ဇိုမီးအမျိုးသားကွန်ဂရက် စတဲ့ ပါတီတွေလည်း ပါဝင်ပြီး ၉၀ ရွေးကောက်ပွဲရလာဒ်ကို အစိုးရဘက်က အသိအမှတ်ပြုကာ လွှတ်တော် ခေါ်ပေးရေးအတွက် ၁၉၉၈ ခုနှစ်မှာ ဖွဲ့ခဲ့တာ ဖြစ်ပါတယ်။