မန္တလေးမှာ ငြိမ်းချမ်းရေး ဆုတောင်းပွဲလုပ်

kachin refugee children ဓာတ်ပုံ မူပိုင် KachinNet
Image caption ကချင် ပြည်နယ်က စစ်ပြေး ဒုက္ခသည် ခလေး ငယ်များ

မြန်မာပြည် မြောက်ပိုင်းမှာ ကေအိုင်အေနဲ့ အစိုးရတပ်တွေ တိုက်ပွဲတွေ ဖြစ်နေချိန်မှာ မန္တလေးမှာ နံမယ်ကြီး စာရေး ဆရာတွေက ငြိမ်းချမ်းရေး ဆုတောင်းပွဲနဲ့ ဟောပြောပွဲ တခု ပြုလုပ်ခဲ့ပါတယ်။

ချမ်းမြသာစည် မြို့နယ် မြို့သစ်က ကံတတ်ကုန်း ဘုန်းကြီးကျောင်း အတွင်းမှာ ငြိမ်းချမ်းရေး ဆုတောင်းပွဲ နဲ့ ငြိမ်းချမ်းရေး စကားပြောပွဲ တခု ကျင်းပ ခဲ့ပါတယ်။

ဒီဘုန်းကြီးကျောင်းမှာ ဘုန်းတော်ကြီးသင် စာသင်ကျောင်းနဲ့ အခမဲ့ဆေး ကုခန်းလည်း ရှိပြီး မနေ့က ကျောင်းသား ကျောင်းသူ နဲ့ ကိုရင် ၂၀၀ လောက်နဲ့ မန္တလေးက စာရေးဆရာ တချို့ ပူးပေါင်းပြီး ဆုတောင်း ပွဲလုပ်ခဲ့တာ ဖြစ်ပါတယ်။

တိုင်းရင်းသားလူမျိုးများ အပါအဝင် ကလေးငယ်တွေရဲ့ လက်ထဲက စာတမ်းတွေမှာတော့ '' ပြည်တွင်းစစ်ကို ရပ်ပေးပါ၊ ဗမာ ညီမျှချင်း ကချင်၊ သွေးချင်း ညီအကိုများ အတွက် ပြည်တွင်း ငြိမ်ချမ်းရေးကို ပေးပါ'' စတဲ့ စာတမ်းတွေကို ကိုင်ပြီး ဆုတောင်း စကားတွေ ဆိုခဲ့ကြပါတယ်။

ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး စကားပြောခဲ့တဲ့ မန္တလေးက စာရေးဆရာတွေ ကတော့ ဆရာ ညီပုလေး၊ ဆရာ ဆူးငှက်နဲ့ ဆရာ ညီစေမင်းတို့ ဖြစ်ပါတယ်။

ဆုတောင်းပွဲ တက်လာသူတွေက စစ်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ ခံစားချက်တွေကို ရေးဖွဲ့ထားတဲ့ ကဗျာ၊ စာ စတာတွေကို စစ်ပြေး ဒုက္ခသည်တွေဆီ အရောက် ပေးပို့ဖို့ အစီအစဉ် ရှိတယ်လို့ ဆရာ ဆူးငှက်က ဘီဘီစီကို ပြောပြပါတယ်။

စစ်ကြောင့် အတိ ဒုက္ခ ရောက်ခဲ့ရသူတွေ ထဲမှာ ခလေး သူငယ်တွေဟာ စစ်ရဲ့ ဆိုးကျိုးကို တခြား လူတွေထက် ပိုခံရတာမို့ ခလေး သူငယ်တွေကို အားပေးတဲ့ စာတွေလည်း ပါတယ်လို့ ဆိုပါတယ်။

နောက်ပြီး တိုင်းရင်းသားဒေသတွေက စစ်ပွဲတွေနဲ့ပတ်သက်ပြီး နှစ်ဘက် တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေးဖြစ်အောင် လုပ်ဆောင်ဖို့လည်း ဆရာဆူးငှက်က သူ့ရဲ့ ဆန္ဒကို ထုတ်ဖော် တိုက်တွန်း လိုက်ပါတယ်။