NLD ပြန်လည် မှတ်ပုံ တင်ခွင့် လျှောက်

NLD အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်က လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ပြိုင် နိုင်ရေး ပထမ အဆင့် အဖြစ် နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင် ထံမှာ သောကြာနေ့ မနက်က ပြန်လည် မှတ်ပုံ တင်ခွင့် လျှောက်လွှာ တင်ခဲ့ ပါတယ်။

Image caption အန်အယ်လ်ဒီက လူငယ်တွေနဲ့ အမျိုး သမီးတွေကို ပို နေရာ ပေးလာတယ် လို့ ဦးဝင်းတင် ပြော

လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ NLD ပါတီ ဝင်ပြိုင်မယ် ဆိုတဲ့ အကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ဖေါ် ကြေညာ ခဲ့ပြီးတဲ့နောက် အခု လို လျှောက်လွှာတင်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ပုံတင်ရာမှာ ထည့်သွင်း ဖော်ပြတဲ့ ပါတီ တည်ထောင် လိုသူများ စာရင်းကို ထဲမှာ ဦးတင်ဦး၊ ဒေါ်အောင်ဆန်း စုကြည်၊ ဦးဝင်းတင် စတဲ့ မူလ CEC ပါတီ ဗဟို ကော်မီတီဝင် တွေ အပြင် ဦးဉာဏ်ဝင်း၊ ဦးဟန်သာမြင့် ဒေါ်မေဝင်းမြင့် စတဲ့ နောက်ပိုင်း တိုးချဲ့ ဖွဲ့စည်း ရာမှာ CEC အဖြစ် ပါဝင် လာသူတွေ ရော တိုင်းရင်းသား နဲ့ လူငယ်တွေပါ ထည့်သွင်း ထားတာ တွေ့ရ ပါတယ်။

မူလနဲ့ တိုးချဲ့ ဗဟို ကော်မီတီဝင် ခြောက်ယောက်က အန်အယ်လ်ဒီရဲ့ စီအီးစီ တွေကို ကိုယ်စားပြုတာ ဖြစ်ပြီး ကျန်တဲ့ ၁၅ ယောက်က အမျိုးသမီးတွေ၊ လူငယ်တွေ၊ ပညာတတ်တွေနဲ့ တိုင်းရင်းသား တွေကို ကိုယ်စား ပြုတာ ဖြစ်တယ်၊ ဒါဟာ နိုင်ငံရေး ပုံသဏ္ဍာန် သဘော ဆောင် အောင် ဖွဲ့ထားတာ လို့ အန်အယ်ဒီ ပါတီ ထူထောင်သူ တစ်ယောက် ဖြစ်တဲ့ ဦးဝင်းတင်က ဘီဘီစီကို ပြော ပါတယ်။

ဒါဟာ အန်အယ်လ်ဒီ အနေနဲ့ အမျိုးသမီးနဲ့ လူငယ်တွေကို ပိုပြီး နေရာ ပေး လာတဲ့ သဘော လို့လည်း သူက ပြော ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အနု ပညာရှင် တွေက ဒေါ်အောင်ဆန်း စုကြည်ကို ပံ့ပိုး ကူညီဖို့ ဆန္ဒရှိကြ

အန်အယ်လ်ဒီ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့နေ့မှာပဲ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က မြန်မာ နိုင်ငံ တွင်းမှာ ရှိတဲ့ ရုပ်ရှင် ဂီတ အနုပညာ နယ်ပယ်က အနု ပညာရှင် ၁၀၀ နီးပါး လောက်နဲ့ တွေ့ဆုံပြီး မျိုးချစ် စိတ်ဓါတ် ရှင်သန် စေမယ့် တေးဂီတတွေ ရေးသား ဖော်ထုတ်ဖို့ ပြောခဲ့ပါတယ်။

ဒါဟာ လာမယ့် ရွေးကောက်ပွဲ အတွက် ကြိုတင် ပြင်ဆင်မှု တစိတ် တပိုင်း ဖြစ်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ နေအိမ်မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲကို ကိုယ်တိုင် တက်ရောက် ဆွေးနွေး ခဲ့သူ အဆိုတော် အနဂ္ဂ က ပြောပါတယ်။

အနုပညာရှင်တွေက ဒေါ်အောင်ဆန်း စုကြည်ကို အားပေး ကူညီကြတာ ဖြစ်ပြီး တတ်နိုင်တဲ့ ဘက်က ပံ့ပိုး ကူညီ သွားကြမယ်၊ လာမယ့် တစ်လ အတွင်းမှာ စတင် အကောင် အထည် ဖော်သွားမယ်လို့ လည်း အဆိုတော် အနဂ္ဂက ပြောပါတယ်။

သောကြာနေ့က လာရောက် တွေ့ဆုံ ခဲ့ကြ သူတွေ ထဲမှာ နာမည်ကြီး ရုပ်ရှင် သရုပ်ဆောင် ထွန်းအိန္ဒြာဗို၊ အဆိုတော် ဆောင်းဦးလှိုင်၊ ချောစုခင်၊ မီးမီးခဲ၊ သံသာဝင်း စတဲ့ အဆိုတော်တွေ၊ တေးရေး ဆရာတွေ၊ ထုတ်လုပ်သူတွေ ပါဝင်တယ်လို့လည်း သိရ ပါတယ်။