ကလင်တန်ခရီးစဉ်အတွက် နိုင်ငံခြား သတင်းထောက်တွေ ပြည်ဝင်ခွင့်ရ

ဓာတ်ပုံ မူပိုင် Reuters
Image caption နိုဝင်ဘာ ၃၀ ရက်နေ့ ရောက်ရှိပြီး၊ ဒီဇင်ဘာ ၂ ရက် နေ့ ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်ဟာ အခုလ ၃၀ ရက် ဗုဒ္ဓဟူးနေ့မှာ နေပြည်တော်ကို ရောက်ရှိ လာမှာ ဖြစ်ပြီး၊ ဒီဇင်ဘာလ ၁ ရက် နေ့မှာ သမ္မတ ဦးသိန်းစိန်နဲ့တွေ့ဆုံမှာ ဖြစ်ပါ တယ်။

မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ လွှတ်တော်ဥက္ကဌတွေ ဖြစ်ကြတဲ့ ဦးခင်အောင်မြင့်နဲ့ သူရဦးရွှေမန်းတို့နဲ့လည်း မစ္စစ်ကလင်တန် တွေ့ဆုံမှာ ဖြစ်ပါတယ်။

အဲဒီနေ့ ညနေပိုင်းမှာတော့ ရန်ကုန်မြို့ကို ရောက်ရှိလာမှာ ဖြစ်ပြီး၊ ဒီဇင်ဘာ ၂ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရှိပါတယ်။ အဲဒီနောက်မှာတော့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့ ညနေပိုင်းမှာတော့ မစ္စစ် ကလင်တန်ဟာ မြန်မာ နိုင်ငံကနေ ပြန်လည် ထွက်မှာ ဖြစ်ပါတယ်။

သူ့ရဲ့ခရီးစဉ်အတွက် အမေရိကန်က တာဝန်ရှိတဲ့သူတွေ ပါလာမှာ ဖြစ်သလို ပြည်ပက သတင်းထောက်တွေလည်း လာရောက်ကြမှာ ဖြစ်လို့ ရန်ကုန်နဲ့ နေပြည်တော်က ဟိုတယ်တွေနဲ့ တည်ခိုခန်းတွေမှာ အခန်းတွေ ပြည့်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံခြားသတင်းထောက် အတော်များများလည်း သတင်းယူဖို့အတွက် ပြည်ဝင်ခွင့်ရရှိ ကြတယ်လို့ ပြည်တွင်းဂျာနယ် သတင်းထောက် တဦးက ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ပတ်သက်ပြီး ရန်ကုန်မြို့မှာ ထူးထူးခြားခြား လုံခြုံရေး ချထားတာမျိုးတော့ မရှိသေးဘူးလို့ မြို့ခံတွေက ပြောကြတယ်။