ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား ပြန်ဖွင့်ပြီ

Image caption မြန်မာဒုတိယဗိုလ်မှူးကြီး သက်ခိုင်ဦးနဲ့ ထိုင်း ဗိုလ်မှူးကြီးအူဂရစ်နူသ်ကမ်ဖင်န်တို့က ဖွင့်လှစ်

မဲဆောက်-မြဝတီ နယ်စပ် ကုန်သွယ်ရေး အတွက် အဓိက အရေးပါတဲ့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကို တနင်္လာနေ့ မနက်ပိုင်းက ပြန်ဖွင့်လိုက်ပြီ ဖြစ်ပါတယ်။

မြန်မာဘက်က တနှစ်ခွဲနီးပါးကြာအောင် ပိတ်ထားခဲ့တဲ့ ဒီချစ်ကြည်ရေးတံတားကို မြန်မာနဲ့ ထိုင်းနယ်ခြား ကော်မီတီဥက္ကဌတွေ ဖြစ်ကြတဲ့၊ မြန်မာဘက်က ဒုတိယဗိုလ်မှူးကြီး သက်ခိုင်ဦးနဲ့ ထိုင်းဘက်က ဗိုလ်မှူးကြီးအူဂရစ် နူသ်ကမ်ဖင်န်တို့က ဖွင့်ပေးလိုက်တာပါ။

အခုလို ချစ်ကြည်ရေးတံတားကို ပြန်ဖွင့်လိုက်တာဟာ အမြဲတမ်းအတွက်ဖြစ်ကြောင်း မြဝတီ ကုန်သွယ်ရေးဇုန် ဖွင့်ပွဲကို သွားတက်ခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ အကြံပေးပုဂ္ဂိုလ် ဒေါက်တာဖရောမ်ဖုန် နုဖ်ဖလိတ်က ဘီဘီစီကို ပြောပါတယ်။

မြန်မာ-ထိုင်း နှစ်ဘက်စလုံးက ကုန်သည်တွေနဲ့ ခရီးသွားတွေ အာလုံးကလည်း အခုလို တံတားပြန်ဖွင့်ပေးလိုက်တဲ့အပေါ် ကြိုဆိုခဲ့ကြပါတယ်။

Image caption မြန်မာ-ထိုင်း နှစ်ဘက်စလုံးက ကုန်သည်တွေနဲ့ ခရီးသွားတွေ အာလုံးက ကြိုဆို

နယ်စပ် နိုင်ငံရေး စစ်ရေး အခြေအနေ တွေနဲ့ ထိုင်းအစိုးရတွေရဲ့ မူဝါဒ အပြောင်းအလဲ တွေကြောင့် မြန်မာအာဏာပိုင် တွေဟာ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း ကို မကြာခဏ ဆိုသလို ပိတ်ထားလေ့ ရှိခဲ့တာ ဖြစ်ပါတယ်။

အခုလို ချစ်ကြည်ရေးတံတားကို ထိုင်းဘုရင် မွေးနေ့မှာ မြန်မာဘက်က ဖွင့်ပေးလိုက်တာဟာ ထိုင်းအစိုးရနဲ့ မြန်မာအစိုးရကြား ဆက်ဆံရေး တိုးတက်မှု တခုလို့ ဆိုနိုင်ပါတယ်။

တံတားဖွင့်ပြီးနောက်မှာတော့ ကုန်ပစ္စည်းတွေ အပြည့်တင်ထားတဲ့ ထိုင်းဘက်က ကုန်ကား တွေနဲ့ မြန်မာဘက်က ကားတွေဟာ တံတားပေါ်ကနေ အပြန်အလှန် ဖြတ်သွားကြတာကို တွေ့ရပါတယ်။