ဘားအံမြို့ စက်မှုဇုန် စတင်တည်ဆောက်

Image caption ဘားအံမြို့ စက်မှုရုံမှာ စုစုပေါင်း စက်ရုံ ၅ ရုံလောက် တည်ထောင်ဖို့ ရည်ရွယ်ထား

ကရင်ပြည်နယ်၊ ဘားအံမြို့အနီးမှာ စက်မှုဇုန်တခု စတင် တည်ဆောက်ဖို့အတွက် ဗုဒ္ဓဟူးနေ့မှာ အုတ်မြစ်ချတဲ့ အခမ်းအနား ကို ကျင်းပခဲ့ပါတယ်။

အခုစက်မှုဇုန် တည်ဆောက်ရေးနဲ့ လုပ်ငန်းတွေ ကို မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေ စုပေါင်း တည်ထောင်ထားတဲ့ မြန်မာတောင်ပိုင်း ဖွံ့ဖြိုး တိုးတက်ရေးကုမ္ပဏီ (MSDC) က ဦးစီး လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ဒေသခံ ပြည်သူတွေ အလုပ်အကိုင်ရရှိရေး အတွက် ဒီစက်မှုဇုန်ကို ရည်ရွယ် တည်ဆောက် တာ ဖြစ်ကြောင်း အုတ်မြစ်ချပွဲ အခမ်းအနားကို တက်ရောက်လာတဲ့ MSDC ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမြင့်ဌေးက ပြောပါတယ်။

အထည်ချုပ်စက်ရုံ၊ သကြားစက်ရုံ အပါအဝင် စုစုပေါင်း စက်ရုံ ၅ ရုံလောက် တည်ထောင်ဖို့ ရည်ရွယ်ထားကြောင်းကိုလည်း သူကပြောပါတယ်။

ပထမအနေနဲ့တော့ အထည်ချုပ်စက်ရုံကို တည်ဆောက်မှာ ဖြစ်ပြီး သုံးလအတွင်း ထုတ်လုပ် မှုတွေ စတင်နိုင်အောင် စီစဉ်ထားကြောင်း သိရပါတယ်။

ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း မြဝတီမြို့မှာ စက်မှုဇုန်တခု ဖွင့်ခဲ့သေးတဲ့အတွက် ကရင် ပြည်နယ်မှာ အခုဆိုရင် စက်မှုဇုန် ၂ ခုရှိသွားပြီ ဖြစ်ပါတယ်။