ထမံသီ ရေကာတာစီမံကိန်းအပေါ် ဆန္ဒပြခဲ့ကြ

Image caption ထမံသီ စီမံကိန်းကြောင့် ဒေသခံတွေရဲ့ အကျိုး စီးပွားကို ထိခိုက်စေတယ်ဆိုပြီး ကန့်ကွက်ခဲ့ကြ

စစ်ကိုင်းတိုင်း ဟုမ္မလင်းအထက် မိုင် ၃၀ အကွာ ချင်းတွင်းမြစ်ပေါ်မှာ မြန်မာ အစိုးရ နဲ့ အိန္ဒိယ အစိုးရ ပူးပေါင်း တည်ဆောက် နေတဲ့ ထမံသီ ရေကာတာ စီမံကိန်းကို ရပ်တန့်ပေးဖို့ အိန္ဒိယနိုင်ငံ ရောက် ကူကီး တိုင်းရင်းသားတွေနဲ့ မြန်မာ့အရေး လုပ်ဆောင်နေသူတွေက နယူးဒေလီမြို့မှာ ကြာသပတေးနေ့က ဆန္ဒပြခဲ့ကြပါတယ်။

ငါတို့ လူမျိုးအတွက် သေတဲ့အထိ တိုက်ပွဲ ဝင်သွားမယ် ဆိုတဲ့ စာတန်းပါ နဖူးစည်း အနီတွေ ခေါင်းမှာပတ်ထားတဲ့ ဆန္ဒပြသူ ၇၀ ကျော်က ထမံသီ ရေကာတာ ရပ်ပေးပါ၊ ချင်းတွင်းမြစ်ကို ကယ်တင်ပါ ဆိုတဲ့ စာတန်းတွေ ကိုင်ပြီး နယူးဒေလီမြို့လယ် ပါလီမန် နားက ဂျန်တားမန်တား ပန်းခြံဘေးမှာ ဆန္ဒပြ ကြွေးကြော်ခဲ့ကြပါတယ်။

ဒီစီမံကိန်းကြောင့် ဒေသခံ ပြည်သူတွေ လျှပ်စစ်ဓါတ် ရမယ်ဆိုရင် ကန့်ကွက်စရာ အကြောင်း မရှိကြောင်း၊ ဒါပေမယ့် အခု ဒီစီမံကိန်းကနေ ရလာမယ့် လျှပ်စစ်ဓါတ်အား ၈၀ ရာခိုင်နှုန်းကို အိန္ဒိယ နိုင်ငံကို ရောင်းမှာ ဖြစ်ပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကိုလည်း မြို့ကြီးတွေကိုပဲ ဖြန့်ဝေ သွားမယ်လို့ သိရတာကြောင့် အခုလို ဆန္ဒပြရတာ ဖြစ်ကြောင်း ကူကီး ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးရဲ့ ပြောရေး ဆိုခွင့် ရှိသူ ကိုဆိုင်းငိုင်းက ဘီဘီစီကို ပြောပါတယ်။

ဒီစီမံကိန်းကြောင့် လယ်ဘွန်ဂျန်လို့ခေါ်တဲ့ ကူကီးရွာနဲ့ တဇုန်းလို့ခေါ်တဲ့ ရှမ်းဗမာ ရွာမှာ နေထိုင်နေသူ ဒေသခံ ၃၀၀၀ နီးပါးလောက်ကို မိုင် ၄၀ ဝေးတဲ့ ရွှေပြည်အေးမြို့သစ်ကို အတင်းပြောင်းရွှေ့ခံခဲ့ရကြောင်းနဲ့ ဒီစီမံကိန်းကြောင့် ခန္တီးမြို့တမြို့လုံးနဲ့ နောက်ထပ် ကျေးရွာ ၅၀ လောက်က ဒေသခံ လေးသောင်းခွဲလောက် ရေလွှမ်းမိုးမှု ဒဏ်နဲ့ ရင်ဆိုင်ရမယ့် အခြေအနေ ရှိနေကြောင်း ထမံသီ ရေကာတာ ဆော်က်လုပ်ရေး လုပ်ငန်းခွင် အနီးတဝိုက်က ဒေသခံတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေကို ကူကီး အမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေး အစည်းအရုံး အထွေထွေ အတွင်းရေးမှူး မငိုင်ငိုင်းက ပြောပြပါတယ်။

ထမံသီ ရေကာတာကို ၂၀၀၄ခုနှစ်က အိန္ဒိယနဲ့ မြန်မာ အစိုးရ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး ၂၀၀၇ခုနှစ်မှာ စတင် အကောင်အထည် ဖေါ်ခဲ့ပေမယ့် အိန္ဒိယ ဘက်က အခက်အခဲ တချို့ ရှိခဲ့တာကြောင့် ရပ်နားထားခဲ့ရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ အိန္ဒိယ နိုင်ငံ ခရီးစဉ်မှာ ဒီစီမံကိန်း ကို ပြန်အကောင်အထည် ဖေါ်ဖို့ သဘောတူခဲ့ပြီး အိန္ဒိယ အစိုးရပိုင် ရေအား လျှပ်စစ် ကော်ပိုရေးရှင်း NHPC က စီမံကိန်း လုပ်ငန်းခွင်တွေ ပြန်စတင်ခဲ့ပါတယ်။