အကျဉ်းသားတွေ လွှတ်ပေးရေး သူရ ဦးရွှေမန်းပြော

ဓာတ်ပုံ မူပိုင် Reuters
Image caption လွှတ်တော် ကော်မရှင်ရုံးခွဲ အတွက် တရုတ် သံအမတ်က ပစ္စည်းလှူဒါန်း

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက မကြာခင် ရက်ပိုင်းမှာ သွားရောက်မယ့် သူ့ရဲ့ အိန္ဒိယ ခရီးစဉ်၊ တရုတ် မြန်မာ ဆက်ဆံရေးနဲ့ အကျဉ်းသားတွေ လွှတ်ပေး ရေး စတဲ့ ကိစ္စတွေကို ဒီကနေ့ ထုတ်ဖေါ် ပြောသွားပါတယ်။

ရန်ကုန်မြို့ ယုဇန တာဝါမှာ ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင်ရုံးခွဲ ဖွင့်ပွဲ အခမ်းအနားမှာ သူရ ဦးရွှေမန်းက အခုလို ပြောသွားတာပါ။

အကျဉ်းသားတွေ လွှတ်ပေးရေး ဆိုရာမှာ နိုင်ငံရေး အကျဉ်းသားတို့ ယုံကြည်ချက် အကျဉ်းသား တို့ ဆိုတဲ့ စကားလုံး အသုံးအနှုန်းတွေကို အငြင်းပွားနေတာမျိုး မဟုတ်ပဲ နိုင်ငံ့ အရေးကို စိတ်ဝင်တစားလုပ်မယ့် သူတွေကို ဦးစားပေး လွှတ်ပေးဖို့ လုပ်ဆောင်နေတယ်လို့ သူရ ဦးရွှေမန်းက ပြောသွားပါတယ်။

တခါ လာမယ့် ၁၁ရက်နေ့ကျရင် လွှတ်တော်ကိုယ်စားလှယ် အဖွဲ့ကို သူ ဦးဆောင်ပြီး သွားရောက်မယ့် အိန္ဒိယ နိုင်ငံ ခရီးစဉ်အတွင်းမှာ လွှတ်တော်နဲ့ အစိုးရ ဆက်ဆံရေး၊ အိန္ဒိယနိုင်ငံ အုပ်ချုပ်ရေး စနစ် စတာတွေကို လေ့လာဖို့ ရှိတယ်လို့လည်း သူရ ဦးရွှေမန်းက ပြောပါတယ်။

အဲဒီ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စများ လေ့လာ ဆန်းစစ်ရေး ကော်မရှင် ရုံးခွဲ ဖွင့်ပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးက ကော်မရှင် ရုံးခွဲအတွက် ကွန်ပြူတာ တွေ လာရောက် လှူဒါန်းခဲ့ပါတယ်။

တရုတ် မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်လို့ သူရ ဦးရွှေမန်းက အမေရိကန်နဲ့ ဆက်ဆံရေး မကောင်းတဲ့ အချိန်မှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်က မှန်မှန်ကန်ကန် ရပ်တည်ပေး ခဲ့တဲ့ အတွက် မြန်မာနိုင်ငံဟာ ဒီအခြေအနေ ရောက်လာတာ ဖြစ်ကြောင်းနဲ့ အခုအခါ အမေရိကန်နဲ့ ဆက်ဆံရေး တိုးတက်လာပေမယ့် တရုတ်နဲ့ ဆက်ဆံရေးကို တိုးမြှင့် သွားမယ် ဖြစ်ကြောင်း ပြောသွားပါတယ်။