မြန်မာအတွက် အမေရိကန်-ဂျပန် ဆွေးနွေး

ဓာတ်ပုံ မူပိုင် AP
Image caption အမေရိကန်-ဂျပန် ပေါင်းပြီး မြန်မာနိုင်ငံ အပြောင်းအလဲ အတွက် တိုက်တွန်းမယ်

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူး သံတမန် ဒဲရက်ခ်မစ်ချဲလ်ဟာ သောကြာ နေ့မှာ ဂျပန်နိုင်ငံက တာဝန်ရှိသူတွေနဲ့ မြန်မာ့နိုင်ငံရေး တိုးတက် ပြောင်းလဲမှု တွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန်-ဂျပန် နှစ်နိုင်ငံ ပေါင်းပြီး မြန်မာ နိုင်ငံမှာ တိုးတက်ပြောင်းလဲမှုတွေ ဆက်လုပ်ဖို့ တိုက်တွန်းမှာ ဖြစ်သလို ပြောင်းလဲမှုတွေ တွေ့ရသလောက် အပေါင်း လက္ခဏာဆောင်တဲ့ အကူအညီတွေ ပေးဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဂျပန်ဝန်ကြီးချုပ်ရုံး ပြည်သူ့ ရေးရာဆိုင်ရာ ဒုတိယအတွင်းဝန် မစ္စတာ နိုရီယူကီ ရှီကာတာက ဘီဘီစီကို ပြောပါတယ်။

အခုအချိန်ဟာ အမေရိကန်-ဂျပန် နှစ်နိုင်ငံ ညှိနှိုင်းတိုင်ပင်ပြီး မြန်မာ့အရေး ပူးပေါင်း ဆောင်ရွက်နိုင်မယ့် အခွင့်အရေး ရှိတဲ့ အချိန် ဖြစ်တယ်လို့ သဘောထားကြောင်း ကိုလည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားရေးနဲ့ အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေး တိုးမြှင့် ဆောင်ရွက်မှုတွေ အတွက် အမေရိကန်တို့ ဘယ်လို ကြိုးပမ်း လုပ်ဆောင်မလဲ ဆိုတာကိုလည်း ကြည့်မှာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

ဒီခရီးစဉ်အတွင်း ဂျပန်မတိုင်ခင်၊ မစ္စတာ မစ်ချဲလ်ဟာ တောင်ကို ရီးယားကိုဝင်ကာ မြန်မာ့အရေး ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ ဂျပန်နိုင်ငံပြီးရင်တော့ တရုတ်ပြည် သွားပြီး ဆွေးနွေးကြဦးမှာပါ။