ဘင်္ဂလားက မြန်မာ မွတ်ဆလင်ဒုက္ခသည်တွေ မပြန်ချင်

ဓာတ်ပုံ မူပိုင် focus bangla
Image caption ရှိတ်ဟာဆီနာရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဒုက္ခသည်တွေကို ပြန်ပို့ရေး သဘောတူခဲ့

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရှိနေတဲ့ မြန်မာ မွတ်ဆလင်ဒုက္ခသည် စခန်းနှစ်ခုက ဒုက္ခသည် ၂၉၀၀၀ ကျော်ကို ပြန်ပို့ဖို့ သဘောတူညီမူ ရခဲ့ပေမယ့်လည်း၊ ဒုက္ခသည်တွေ ကတော့ သူတို့လိုလားနေတဲ့ တောင်းဆိုချက်တွေကို မရဘူးဆိုရင် မပြန် နိုင်ဘူးဆိုပြီး ပြောဆိုတယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ နာရာပါရာနဲ့ ကိုတို့ပလောင် ဆိုတဲ့ မြန်မာ မွတ်ဆလင် ဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို မြန်မာနိုင်ငံ ပြန်ပို့ရေး သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း စခန်းထဲမှာ ရှိနေတဲ့ ဒုက္ခသည်တွေကတော့ သူတို့တောင်းဆိုထားတဲ့ တောင်းဆိုချက်တွေ မရရင် မြန်မာနိုင်ငံကို မပြန်ဖို့ ဆုံးဖြတ်ထားကြောင်း၊ ဒုက္ခသည် တဦးဖြစ်သူ ဦးမောင်သိန်းက ဘီဘီစီကို ပြောပါတယ်။

ဒုက္ခသည်တွေက အချက် ၂၀ လောက် တောင်းဆိုထားတာဖြစ်ပြီး၊ အခုချိန် အထိတော့ ဘင်္ဂလားဒေ့ရှ်အစိုးရက တစုံတရာ အကြောင်းကြားတာမျိုး မရှိသေးသလို၊ ဖိအားပေး တာတွေ မရှိသေးဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။

ရှိတ်ဟာဆီနာက မြန်မာနိုင်ငံက ဒုက္ခသည်တွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်ဆီး တာတွေ၊ လူမှုရေး မတည်ငြိမ်မှုတွေနဲ့ အတူ ဝန်ထုပ်ဝန်ပိုး ဖြစ်နေကြတဲ့ အတွက် ဒုက္ခသည်တွေကို အမြန်ဆုံး ပြန်ပို့လိုကြောင်း မြန်မာအစိုးရ တာဝန်ရှိသူတွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။