ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား

ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။

Image caption ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ်

မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။

ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။

အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ မလုပ်ဖို့ အကြောင်း ကြားလိုက်တယ် ဆိုတာတွေ ပါဝင် ပါတယ်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ ရက်စွဲနဲ့ သမ္မတ က ကာကွယ်ရေး ဦးစီးချုပ်ကို စာပေး ပို့ပြီး နောက် တနေ့မှာ စာကို အစိုးရ စစ်တပ်တွေ အားလုံးကို အကြောင်း ကြားလိုက်ပြီ လို့လည်း ပြည်နယ် ဝန်ကြီးချုပ်က ပြောတဲ့ အကြောင်း အဲဒီ သတင်းထောက်က ပြောပါတယ်။

အစိုးရနဲ့ ကေအိုင်အေ တို့ အကြား စေ့စပ် ညှိနှိုင်းရေး အဖွဲ့မှာ ပါတဲ့ မြို့မိ မြို့ဖ လေးယောက်က ကြိုတင် စေ့စပ်ရေး အတွက် ကေအိုင်အေ ဘက်ကို တနင်္ဂနွေ နေ့က တယ်လီဖုန်းနဲ့ အကြောင်းကြားရာမှာ တဘက်က လက်ခံ ခဲ့တယ် လို့လည်း ပြည်နယ် ဝန်ကြီးချုပ်က ပြောခဲ့ တယ်လို့ ဆိုပါတယ်။

စေ့စပ်ညှိ နှိုင်းရေး အဖွဲ့က အင်္ဂါ နေ့မှာ လိုင်ဇာကို သွားရောက်ပြီး ကေအိုင်အို ခေါင်းဆောင် တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

တွေ့ဆုံပြီးတဲ့ အခါ သမ္မတက တရားဝင် တာဝန်ပေးထားတဲ့ ဦးအောင်သောင်း ခေါင်းဆောင်တဲ့ အဖွဲ့ကို အစီရင်ခံစာ တင်ပြီးရင် တရားဝင် ထပ်မံ တွေ့ဆုံကြမယ် လို့လည်း ပြည်နယ် ဝန်ကြီးချုပ်က ပြောတယ်လို့ သိရပါတယ်။

ကေအိုင်အေ ဘက်ကတော့ ပြည်နယ် ဝန်ကြီးချုပ်က ထုတ်ဖော်ပြောတယ် ဆိုတဲ့ ကိစ္စကို ကြားသိရတယ် ဆိုပေမဲ့ သူတို့ဆီကို တရားဝင် အကြောင်းကြားတာ မရှိ ဘူးလို့ ပြောပါတယ်။

တနင်္လာနေ့ အထိလည်း တိုက်ခိုက်မှုတွေက ရှိနေတုန်းပဲလို့ ကေအိုင်အို တွဲဘက် အထွေထွေ အတွင်း ရေးမှူး ဦးလနန်က ဘီဘီစီကို ပြောပါတယ်။