ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ် သံအမတ်ကြီး တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်
Image caption ဒေါ်အောင်ဆန်းစုကြည်

မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး တို့မကြာမီက တွေ့ဆုံခဲ့ကြတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဘာတွေပြောဆိုကြတယ် ဆိုတာကိုတော့ တရုတ်ဖက်ကရော NLD ဘက်ကပါ ထုတ်ဖေါ် ပြောကြားခြင်း မရှိပါဘူး။ အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်ဦးဉာဏ်ဝင်း ကတော့ မြန်မာ့ နိုင်ငံရေးမှာ NLD ရဲ့အခန်းကဏ္ဍကို အသိအမှတ် ပြုတဲ့သဘော လာတွေ့တာလို့ ပြောပါတယ်။ နောက်တခါ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ခြင်း အရှည်ကြီး ဆက်နေတဲ့ အိမ်နီးချင်း တရုတ်နဲ့ ချစ်ခင်ရင်းနှီးလိုတယ်လို့ ဒေါ်စုက အမြဲပြောလေ့ရှိပြီး အခုလည်းသူ့ရဲ့ မေတ္တာရပ်ခံချက်ကြောင့် လာတွေ့တာ ဖြစ်ပါတယ်။

တချိန်ထဲမှာဘဲ နေပြည်တော်မှာ မကြာမီကျင်းပဖို့ရှိတဲ့ မဟာမဲခေါင် ဒေသထိပ်သီး အစည်းအဝေးကို မူလက တရုတ်ဝန်ကြီးချုပ် ကိုယ်တိုင် တက်ရောက်မယ်လို့ သတင်းတွေ ဖြစ်နေရာကနေ အခုတော့ နိုင်ငံတော်ကောင်စီဝင် အဆင့်ဘဲတက်ရောက် တော့မှာ ဖြစ်ပါတယ်။ ဒါဟာ တရုတ်မြန်မာ ဆက်ဆံရေးအတွက် ဘယ်လို အဓိပ္ပါယ် သက်ရောက်လဲလို့ မေးစရာဖြစ်နေပါတယ်။

လန်ဒန်အခြေစိုက် ကမ္ဘာ့သံတမန်ရေးရာ လေ့လာနေတဲ့ Chatham House အဖွဲ့မှ အာရှရေးရာ ဌာနမှူး ဒေါက်တာ ကယ်ရီဘရောင်း ကတော့ တရုတ်ကမူလတုံးက မြန်မာနိုင်ငံကို လုံးဝလွှမ်းမိုးနေရာကနေ အခုတော့ မြစ်ဆုံရေကာတာ ရွှေ့ဆိုင်းလိုက်တဲ့ကိစ္စ အမရိကန်နိုင်ငံခြားရေးဝန်ကြီးလာလည်တဲ့ ကိစ္စတွေကြောင့် တရုတ်ကို ယှဉ်ပြိုင်မယ့် နိုင်ငံတွေ ပေါ်လာလို့ သူတို့အနေနဲ့ စိုးရိမ်မကင်း စောင့်ကြည့်နေရတယ်လို့ သုံးသပ်ပါတယ်။

ဒါ့အပြင် တနိုင်ငံထဲကို မှီခိုနေမယ့်အစား နိုင်ငံစုံနဲ့ မိတ်ဆွေတိုးအောင်လုပ်တဲ့ သံတမန်ရေး ချဉ်းကပ်မှုဟာ မြန်မာနိုင်ငံအနေနဲ့ လုပ်သင့်လုပ်ထိုက်ပြီး ရွေးချယ်စရာ နည်းလမ်းတွေပိုများ လာနိုင်တယ်လို့ ဒေါက်တာ ဘရောင်းက သုံးသပ်သွားပါတယ်။