ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းစာရှင်း

၂၀၁၀ ရွေးကောက်ပွဲမဲဆွယ်မှုများ
Image caption ၂၀၁၀ ရွေးကောက်ပွဲမဲဆွယ်မှုများ

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက သတင်းထောက် တွေကို နေပြည်တော်ကို ဖိတ်ကြားပြီး လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ အမတ်နေရာပေါင်း ၄၈ နေရာ လစ်လပ်တယ်လို့ အတည်ပြု ပြောကြားပါတယ်။

ရွေးကောက်ပွဲရက်ကိုတော့ အတိအကျ မပြောနိုင်ဘဲ ဥပဒေနဲ့ အညီ ၃လကြိုတင် ကြေညာမယ်လို့ပြောပါတယ်။ ပြည်ပကလာရောက် လေ့လာခွင့် ကိစ္စကိုမေးရာမှာတော့ အတိအကျမပြောဘဲ အခြေအနေကိုကြည့်ပြီးဆုံးဖြတ်မယ်လို့ဆိုပါတယ်။

အရင်ရွေးကောက်ပွဲ အတွေ့အကြုံတွေကို အခြေခံပြီး အကောင်းဆုံး ဖြစ်အောင်ကြိုးပမ်းမယ် လို့လည်း ဦးတင်အေးက ပြောပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှု ကြိုတင်မဲတွေကို လိုရင်လိုသလို အလွဲသုံးစား လုပ်မှုတွေနဲ့ အများက ဝေဖန် ပစ်တင်ခဲ့ကြပါတယ်။

အခုရွေးကောက်ပွဲမှာ ငွေသန်း၇၀၀ သုံးစွဲမယ်လို့လည်း ကော်မရှင် ဥက္ကဌကပြောပါတယ်။ အခုပထမဆုံးလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ဘာမှထူးထူးခြားခြား မပါတဲ့အတွက် ညွှန်ကြားရေးမှူးအဆင့်လောက်က ရန်ကုန်မှာ လာရှင်းတာက ပို အလုပ်ဖြစ်မယ်လို့ သတင်းသမားတွေ ဝေဖန်နေကြပါတယ်။